CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင်တော်လှန်ရေးများ ဆင်နွှဲ နေခြင်းနှင့်အတူ တပ်မတော် မရှိပါက တိုင်းပြည်ပြိုကွဲသွားမည်ကိုလည်း စိုးရိမ်မှုများလည်း တပြိုင်တည်းမှာ ရှိလာနေကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချပြီးနောက် နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ အုပ်ချုပ်လျက်ရှိသည်။

ထို့နောက် ဒီမိုကရေစီတော်လှန်ရေးပေါ်ပေါက်လာကာ မြန်မာ့တပ်မတော်ကို ပြန်လည် ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။

 ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြနေကြသူများ (ဖရွန်းတီးယားမြန်မာ)

သို့သော်လည်း အခြားတစ်ဖက်တွင် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် အဖွဲ့အစည်း အများအပြားရှိသလို ခွဲထွက် လိုသော အဖွဲ့များလည်း ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော် ပြိုကွဲပါက တိုင်းပြည်လည်း ပြိုကွဲသွားနိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းမှာ သုံးသပ်မှုများလည်း ရှိနေသည်။

မြန်မာ့တပ်မတော် အနေဖြင့် ဖရိုဖရဲပြိုပါက တိုင်းပြည်နစ်နာမှာ ဖြစ်ကြောင်း၊ စနစ်တကျဖြင့် ဖက်ဒရယ် ပြည်ထောင်စုတပ်အဖြစ် ပြောင်းလဲ၍ရကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနကို ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ “စစ်တပ်ပြိုပုံ၊ ပြိုနည်းရှိသေးတာကို ပြိုတယ်ဆိုတာက ဖရိုဖရဲပြိုသလား၊ စနစ်တကျနဲ့ လုံခြုံရေးကဏ္ဍ ပြန်လည်ပြောင်းလဲခြင်း လုပ်ပြီးတော့ လုံခြုံရေးကဏ္ဍကို စနစ်တကျပြုပြင် ပြောင်းလဲပြီးတော့ အသွင်ပြောင်း ပေါ့ဗျာ၊ စစ်တပ်ကို အသွင်ပြောင်းပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုတပ်ကို ပြောင်းသွားတာတို့ ဘာတို့ဆိုရင် စစ်တပ်ဖက်က ကြည့်ရင်တော့ ပြိုတယ်ပြောပေမယ့်၊ စနစ်တကျ အသွင်ပြောင်းသွားရင်တော့ တိုင်းပြည် ဘာမှ မဖြစ်ပါဘူး။ ဖရိုဖရဲဖြစ်ရင်တော့ အဲဒါတော့ တိုင်းပြည်ပဲ နာမယ်၊ နောက်ပြီးတော့ တခြား တိုင်းပြည်တွေပေါ့၊ ဒီအာဏာရှင်တွေ တစ်ခါတစ်လေ ဖရိုဖရဲဖြစ်ရင် တပ်တွေက မာဖီးယားဂိုဏ်းတွေ ဘာတွေ ဖြစ်ကုန်တာ တွေ့ဖူး တယ်လေ။ တခြားတိုင်းပြည်တွေမှာ ကျနော်တို့မှာတော့ စနစ်တကျတော့ ဖြစ်ဖို့လိုတာပေါ့၊ ဒီအတိုင်းတော့ မရဘူး ပေါ့။ လုံခြုံရေးဆိုင်ရာ ပြည်လည် ပေါင်းစည်းခြင်းတို့၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း တို့ အဲဒီလိုလုပ်ရင်းနဲ့ တပ်ကို အသွင်ပြောင်းရင်တော့ အကောင်းဆုံးပေါ့ဗျာ” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ပြည်တွင်း/ပြည်ပ ခြိမ်းခြောက်မှုဖြင့် ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် တပ်မတော် မရှိပါက တိုင်းပြည်ပြိုကွဲရန် လွယ်ကူသွားမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာကို ပြောသည်။

 ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးစဉ်

 ၎င်းက “အဲဒီစကားကတော့ မေးတဲ့ မေးခွန်းမှာ အဖြေပါပါတယ်။ သေချာပါတယ်၊ ဘာကြောင့်လဲဆိုတော့ အခု ချိန်ထိ ပြည်တွင်းရော၊ ပြည်ပရောပေါ့နော်၊ ကျနော်တို့မှာက ပြည်တွင်းမှာလည်း လက်နက်ကိုင် ပဋိပက္ခ ရင်ဆိုင် နေရတယ်၊ ပြည်ပရဲ့ ခြိမ်းခြောက်မှုကလည်း တော်တော်လေး ကြီးပါတယ်၊ တော်ရုံတန်ရုံကတော့ ပါးပါးလေး တွေးရင်တော့ ပြည်ပမှာ ငါတို့က ခြိမ်းခြောက်မှု မရှိဘူး၊ တိုက်ရိုက်ခြိမ်းခြောက်မှု မဟုတ်ဘဲနဲ့ သွယ်ဝိုက်တဲ့ ခြိမ်းခြောက်မှုတွေ ကျနော်တို့မှာ အများကြီးရှိတယ်၊ အဲဒီတော့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ရန်တွေ အကုန်လုံးက အခုချိန်အထိ ဒဏ်ခံနေရတာ တပ်မတော် တစ်ရပ်လုံးက ဖြစ်တယ်၊ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကျနော်တို့ သုံးသပ်ခဲ့တဲ့ သုံးသပ်ချက်ရှိတယ်၊ အရပ်သားအစိုးရဘက်ကို ပြောင်းတဲ့အချိန်မှာ အရပ်သားအစိုးရဖက်က အားနည်းလာတယ်၊ ပြောရရင်တော့ နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံကို ကာကွယ်ဖို့ အဲဒီလိုမျိုး အမြင်တွေ မရှိဘူး။ အားနည်းပျော့ညံ့ လာမယ်ဆိုရင် တပ်ကပဲ ဒီဒဏ်တွေ အကုန်လုံးကို ထမ်းနေရတဲ့အခါ တပ်မှာ တာဝန်ပို ပိလာ တယ်၊ ဝန်ပိုပိလာတယ်၊ အဲဒါက သိပ်အဆင် မပြေလှဘူး။ ဒါပေမဲ့ အခုချိန်အထိတော့ တပ်မတော်တစ်ရပ်ကပဲ ဒီဒဏ်တွေကို ခေါင်းခံပြီးတော့ လုပ်နေရတဲ့ အခါကြတော့ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေက ရှင်းရှင်းလေးပါ။ မြန်မာနိုင်ငံမှာ တပ်မတော် တစ်ရပ် မရှိလို့ရှိရင် နိုင်ငံပြိုကွဲသွားဖို့ သိပ်ကို လွယ်သွားပါလိမ့်မယ်” ဟု ပြောသည်။

တိုင်းပြည်တစ်ခုတွင် ပြည်သူလူထုနှင့် နိုင်ငံကို ကာကွယ်ရန် တပ်မ‌တော်တစ်ခု လိုအပ်ကြောင်း၊ သို့သော် လက်ရှိ မြန်မာ့တပ်မတော်နှင့် တိုင်းပြည် ရှေ့ဆက်၍ မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး လက်နက်ကိုင် တော်လှန်နေကြတဲ့ NUG-PDF ကိုတွေ့ရစဉ်

 ရဲဘော်အေးလွင် ”ကျနော်တို့ အမြင်ကြတော့ တိုင်းပြည်တစ်ပြည်မှာ ကိုယ့်ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံကို ကာကွယ်ဖို့ အတွက် တပ်မတော်တစ်ခုဆိုတာတော့ မရှိမဖြစ် လိုအပ်တယ်။ သို့သော်လည်း ဒီနေ့ ကျနော်တို့ စစ်အာဏာရှင် တွေ တည်ဆောက်ထားတဲ့ တပ်မတော်မျိုးနဲ့တော့ တိုင်းပြည်ကို ဆက်လက်ပြီးတော့ ကျနော်တို့ မောင်းနှင်းလို့ မရဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ ဒီကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍကလည်း တကယ့်ကို အရေး ပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်၊ အဲဒီတော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ လိုက်လျောညီထွေတဲ့ ဖက်ဒရယ်တပ်မတော်တစ်ခုကတော့ မရှိမဖြစ် လိုအပ်တယ်၊ အဲဒီတော့ တိုင်းပြည်မှာ တပ်မတော်ဆိုတာ ရှိကိုရှိ ရမယ်၊ ကျနော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။ စစ်အာဏာရှင်တစ်စုရဲ့ ခြယ်လှယ်နေတဲ့ တပ်မတော်မျိုးကတော့ ကျနော်တို့ တိုင်းပြည်မှာ မလိုအပ်ဘူးလို့ ကျနော်တို့ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

တခြားတစ်ဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့နှင့် မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသလို အနာဂတ် မြန်မာ့တပ်မတော်ကို မည်သို့ ဖွဲ့စည်းတည်ဆောက်မလဲ(DDR-SSR) ဆွေးနွေးလျက်ရှိသည်။