CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ချိန်တွင် အဓိကအကြီးမားဆုံး စိန်ခေါ်မှုမှာ ပြည်နယ်များမှ ခွဲထွက်နိုင်ရေး အတွက် ဆောင်ရွက်လာခြင်းဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် မကွေးတပ်နယ်မှ အရာရှိနှင့် မိသားစုဝင်များအား တွေ့ဆုံ အမှာစကားပြောစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးစအချိန်တွင် ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ်ဖြင့် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်တွင်း မငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်သည် အခက်အခဲကြားမှ ကျော်ဖြတ်ခဲ့ရကြောင်း၊ အဆိုပါ အချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝင်ရောက် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
AA၊ TNLA၊ MNDAA၊ KIA ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ချိန်တွင် အဓိကအကြီးမားဆုံး စိန်ခေါ်မှုမှာ ပြည်နယ်များမှ ခွဲထွက်နိုင် ရေးအတွက် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေ သကဲ့သို့ နိုင်ငံတကာတွင်လည်း ဆိုရှယ်လစ်စနစ်နှင့် ဒီမိုကရေစီစနစ်များ အားပြိုင်မှုများရှိနေကြောင်း၊ အိမ်နီးချင်း နိုင်ငံအချို့တွင်လည်း ကွန်မြူနစ်စနစ်နှင့် ဒီမိုကရေစီစနစ်များ အားပြိုင်မှုများ ရှိခဲ့သည်ကို သမိုင်းအထောက်အ ထားများအရ သိရှိနိုင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ဖြုတ်ချ၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ် မတော်က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ဖြုတ်ချနိုင်ရေးအတွက် လက်နက်ကိုင် တော်လှန်ခဲ့၍ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်လျက်ရှိသည်။
UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်
အဆိုပါ လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲနေသည့် အဖွဲ့များထဲမှ အာရက္ခတပ်တော်(AA)သည် အနိမ့်ဆုံးအဆင့် အနေဖြင့် ကွန်ဖက်ဒရေးရှင်းကို ရလိုပြီး အမြင့်ဆုံး အနေဖြင့် ရခိုင်နိုင်ငံတော် ထူထောင်ရေး ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားထားသလို TNLA ကလည်း လိုအပ်ပါက နိုင်ငံထူထောင် နိုင်ရေးအတွက် တအာင်း (ပလောင်)လူမျိုးများ ပြင်ဆင်ထားကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြော ထားသည်။
ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားများသည် ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားမှုများကို လုပ်လာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဖြင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။
ကရင့်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုသည် ကရင်လူမျိုးတို့၏ ရည်မှန်းချက်နှင့် အိပ်မက်ဖြစ်သော ကော်သူးလေနိုင်ငံ ထူထောင်ခြင်းဖြစ်သည်ဟု ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကော်သူးလေနေ့၌ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့သည်။
“ဝ”နှင့် မိုင်းလားအဖွဲ့များကလည်း သီးခြား အုပ်ချုပ်ရေးစနစ်ကို ထူထောင်ထားပြီး လွတ်လပ်စွာ ရပ်တည်နေခြင်း ကြောင့် တခြားသော အင်အားစုများ ကြိုးပမ်းနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်၏ ပြင်ပကို ရောက်ရှိနေ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။