CNI News
၂၀၂၆ ခုနှစ်၊ မတ် ၃
တိုင်းရင်းသားလက်နက်ကိုင်များအပေါ်တွင် နိုင်ငံတော်အစိုးရက သဘောထားကြီး၍ ဖခင်ပီသစွာနှင့် အကောင်း ဆုံး ကူညီစောင့်ရှောက်ပြီး တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးကို ဦးစားပေး ဆောင်ရွက်သွားလျှင် ပိုကောင်း မည်ဟု တိုင်းရင်းသားမျိုးနွယ်စုများက CNI သတင်းဌာနသို့ ပြောသည်။
ဖက်ဒရယ်စနစ်ကို သွားနေသည့် နိုင်ငံဖြစ်သည့်အတွက် ပြည်နယ်ဆိုလျှင် ပြည်နယ်အလိုက် လူမျိုးစုအဖွဲ့အစည်း များကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ဗဟိုကပဲ ကြီးစိုးနေ၍ မရကြောင်း နာဂတိုင်းရင်းသားတစ်ဦး ပြောသည်။
၎င်းက “လက်နက်ကိုင်ပြီး တော်လှန်ကြတယ်ဆိုတာက ကိုယ်ယဉ်ကျေးမှု ဓလေ့တွေကို ထိန်းသိမ်းတယ်၊ ကိုယ့် နယ်မြေဒေသကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေပဲ။ အဲ့ဒါကြောင့်မို့လို့ သူတို့က လက်နက်ကိုင် ကြတာ ကို။ တိုင်းရင်းသား လက်နက်ကိုင်တွေဆိုတာက သူပုန်မှမဟုတ်တာ။ မြန်မာ့တပ်မတော်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကို သူပုန်လို့ပြောလေ့ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုတာ သူပုန်မဟုတ်ဘူး။ ကိုယ်လူမျိုးကို ကိုယ်ကာကွယ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါကတော့ရှိကြမှာပဲ။ ဒီအပေါ်မှာ နိုင်ငံတော်အစိုးရက သဘောထားကြီးကြီးနဲ့ လူကြီးပီသ၊ ဖခင်ပီသစွာနဲ့ဒါကိုယ့်သားသမီး ကိုယ့်တိုင်းရင်းသားတွေကို အကောင်း ဆုံး၊ တိုင်းရင်းသားဒေသတွေကို အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်အောင်၊ အကောင်းဆုံး ကူညီစောင့်ရှောက်ပြီးမှ လူမျိုးကြီးဝါဒနဲ့ မသွားပဲနဲ့ပေါ့နော် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးကိုလည်း ဦးစားပေးပြီးမှ ဆောင်ရွက် သွားရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်။ တပ်မတော်အနေနဲ့ သူတို့ပြောနေတာက အမြဲတမ်း တိုင်းရင်းသား လက်နက်ကိုင်တွေကို သူတို့က ပြည်သူ့စစ်လိုလို၊ နယ်ခြားစောင့်တပ်လိုလို ပုံစံပဲထားဖို့ပဲ လုပ်နေတဲ့အခါမျိုးကြတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမှမရှိတာ။ ဘာလို့ဆိုတော့ ကချင်ရဲ့ တပ်မတော်လည်း ရှိရ မယ်၊ အဲ့ဒီလိုပဲ နာဂမှာလည်း နာဂစစ်တပ်၊ နာဂတပ်မတော် ဆိုတာရှိရမှာ။ အဲ့ဒီပေါ်မှာ ဖက်ဒရယ်တပ်မတော်နဲ့ ပြည်နယ်တပ်မတော်တွေနဲ့က ဒါ အပေးအယူ ပေါင်းစပ်ညှိနှိုင်းရင်တော့ ဘာပဲပြောပြော မြန်မာနိုင်ငံတော်က လိုချင်နေတဲ့ ဖက်ဒရယ်က အဲ့ဒါမှပဲ အဆင်ပြေမှာကို။ ဘာလို့လဲဆိုတော့ အခုက သိမ်းကျုံးပြီး ဖက်ဒရယ်လုပ်တာ ခေါ်ပြီးမှ သိမ်းကျုံးပြီး ကလေးမုန့်ဖိုးပေးတဲ့ ပုံစံပေးပြီးမှ ဖက်ဒရယ် အမည်ခံပြီးမှ ကမ္ဘာကိုချပြနေတဲ့ပုံစံ လုပ်ရပ် မျိုးကတော့ တိုင်းရင်းသား တစ်ယောက်အနေနဲ့ကတော့ လက်ခံနိုင်စရာ အကြောင်းတော့ မရှိဘူး”ဟု ပြောသည်။

KIA က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ချင်းညီနောင်အဖွဲ့ကိုတွေ့ရစဉ်
နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်မှု နည်းလမ်းများဖြင့် ဖြေရှင်း ရန် ကြိုးပမ်းလာသည့်အတွက် နိုင်ငံအတွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO) တချို့သည် နယ်မြေထိန်းချုပ်နိုင်ရေးနှင့် စိုးမိုး အုပ်ချုပ် နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လာနေကြကြောင်း၊ ဒေသတွင်းရှိ သယံဇာတများကို တရားမဝင် ထုတ်ယူရောင်းချခြင်းနှင့် မူးယစ်ဆေးဝါးများ တရားမဝင် ရောင်းချ၍ ကိုယ်ကျိုးစီးပွားရှိနေကြကြောင်း ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိလိုချင်သည့် အခွင့်အရေးကို ငြိမ်းချမ်းသည့် ဒီမိုကရေစီနည်းအရ တောင်းဆိုသင့်ကြောင်း၊ လက်နက်ကိုင်စရာ အကြောင်းမရှိဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ်ကတော့ အမှန်တိုင်း ပြောလို့ရှိရင် ကိုယ့်လိုချင်တဲ့ အခွင့်အရေးတွေ အားလုံးကို တကယ့်တကယ် ကျတော့ သူတို့ပြောတာတွေက ပြောရရင် စကားလုံးလှလှတွေ သုံးနေတာပေါ့နော်။ ကိုယ်လိုချင်တဲ့ အခွင့်အရေး ကို အမှန်တိုင်း ပြောလို့ရှိရင်တော့ ကိုယ့်ဘာသာကို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနည်းအရပဲ တောင်းဆိုစရာအကြောင်း ရှိတယ်ပေါ့နော်။ ဒီလက်နက်ကိုင်စရာ အကြောင်းက ဘာမှမရှိဘူး။ အဲ့ဒီတော့ ဖခင်တစ်ယောက် ပီသတယ်ဆိုတဲ့ အနေနဲ့ သူတို့ မတိုက်မခိုက်ပဲနဲ့ ဒီတိုင်း ကြည့်ထားရမှာလားဆိုတဲ့ ဒီသဘောမျိုးကတော့ မဟုတ်ဘူး။ သူက တိုင်း ပြည်မှာ အုပ်ချုပ်ရေးအရ တကယ်တော့ နှစ်ပိုင်းခွဲလို့လည်း မရဘူး။ အဲ့ဒီတော့ ဖြစ်ရမှာက လိုလားသမျှအားလုံး ကို တောင်းဆိုဖို့ပဲ ရှိပါတယ်။ ငြိမ်းချမ်းသော နည်းနဲ့ပေါ့နော်။ နိုင်ငံရေးနည်းလမ်းနဲ့။ ပြောချင်တာကတော့ သူတို့ လုပ်နေတဲ့ အလုပ်တွေကို ဖခင်မပီသပဲနေလို့ သူတို့က ဒီလိုလုပ်ရပါတယ်ဆိုပြီးတော့ သူက သွားပြီးတော့ သက် သေ ပြနေတယ်ဆိုတဲ့ အဆင့်လောက်ပဲရှိပါတယ်။ တကယ်တော့ ဒီစကားတွေကို ကျနော်တို့က လက်ခံလို့မရဘူး ပေါ့နော် အဲ့ဒီလိုပဲမြင်တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွားနေသည်။

UWSA,SSPP,NDAA ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အဆိုပါ လက်နက်ကိုင် တိုက်ပွဲများတွင် KIA သည် ရခိုင်(AA)၊ ချင်း(CNF)၊ နာဂလက်နက်ကိုင်များ၊ PDF များ၊ ကူကီး(KNO)၊ ကျောင်းသားတပ်(ABSDF) တို့ကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်နေသည်။
ကချင်ပြည်နယ်အတွင်းရှိ KIA ၏ နယ်မြေများ လုံခြုံရေးအတွက် စစ်ကိုင်းတိုင်းကနေ စောင့်၍ ရန်သူကို တိုက်ခိုက် ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသကို ထိန်းချုပ်ရမည်ဖြစ်ကြောင်း KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောသည်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်များသည် ၂၀၂၅ ခုနှစ်ကို ကျော်လာပါက ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် AA က ကွန်ဖက်ဒရေးရှင်းအဆင့်ကို အနိမ့်ဆုံးမျှော်လင့်ထားပြီး လွတ်လပ်ရေးအထိ သွားမည်ဖြစ် ကြောင်း၊ TNLA ကလည်း နိုင်ငံတစ်ခု ထူထောင်နိုင်သည့်အထိ ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ MNDAA ကလည်း အထူးဒေသကို ပြန်လည် သိမ်းပိုက် တည်ဆောက်ရမည်ဖြစ်ကြောင်း အသီးသီး ပြောကြားထားကြသည်။
ကရင်လက်နက်ကိုင် တချို့ကလည်း ကော်သူလေးနိုင်ငံ ထူထောင်ကြောင်း ကြေညာထားသလို UWSA ကလည်း သီးခြား အုပ်ချုပ်ရေးစနစ်ကို ထူထောင်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား တည်ဆောက်ထား သည်။
နာဂလက်နက်ကိုင်များကလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအတွင်းရှိ နာဂလူမျိုးများကို စုစည်း၍ လွတ်လပ်သော နာဂ ပြည်ထောင်စု သို့မဟုတ် နာဂနိုင်ငံ ထူထောင်ရေး ရည်မှန်းထားကြသည်။
