CNI News

၂၀၂၆ ခုနှစ်၊ မတ် ၃

အိန္ဒိယအစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့အကြား သဘောတူညီချက် တစ်ခုခု ရထားလျှင် မြန်မာ့နိုင်ငံရေးမှာ အန္တရာယ်ရှိနိုင်ကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ ထိန်းချုပ်ပြီးလျှင် မြောက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသ တစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု KIA ၏ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ကချင်ယူနစ်၊ ချင်းယူနစ်၊ နာဂယူနစ်နှင့် ကသုံးလုံး ဟုခေါ်သော ကန့်ဘလူ၊ ကောလင်း၊ ကသာ အပါ အဝင် မြောက်ပိုင်းတစ်ခုလုံး တည်ငြိမ်စွာ ထိန်းချုပ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ အထက်ပိုင်းကို ထိန်းချုပ် နိုင်သည့်အခါ အောက်ပိုင်းတစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

အိမ်နီးနားချင်း နိုင်ငံတစ်ခုခု၏ အစိုးရတစ်ရပ် အကူအညီမပါလျှင် မလွယ်ကြောင်း၊ အိန္ဒိယအနေဖြင့် KIA ထံမှ မြေရှားယူဖို့ ကြိုးစားထားပါက ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောဆိုမှုများသည် ဖြစ်လာနိုင်ကြောင်း ဇိုမီးအမျိုးသားပါတီ (ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ အိန္ဒိယအစိုးရနဲ့ ဘယ်လောက်အထိ စကားတွေ ပြောထားလဲ မသိဘူးပေါ့။ အစိုးရ တစ်ရပ်ရပ်ရဲ့ အကူအညီ မပါဘဲနဲ့ မလွယ်ဘူးလေ သူတို့မှာလည်း။ ပထဝီနိုင်ငံရေးအရတော့ ချင်းက အရေးပါပါတယ်။ ဒါပေမယ့် လက်နက်ကိုင်လမ်းစဉ်နဲ့တော့ အိန္ဒိယအစိုးရက သို့မဟုတ် တရုတ်အစိုးရရဲ့ ပတ်သက်မှု မရှိရင်တော့ မလွယ်ဘူး ထင်တယ် သူတို့အတွက်လေ။ ဒါက မှိုင်းတိုက်တာလည်း ဖြစ်နိုင်တယ်လေ။ ကျနော်တို့ အပြင်ပန်းကြည့်ရင်တော့ အိန္ဒိယအစိုးရက အဲဒီလောက်အထိ စိတ်ချယုံကြည်လို့ရတဲ့ အနေအထားမှာတော့ မရှိဘူး။ အသုံးချခံ ဖြစ်သွားနိုင် တယ်လေ သူတို့လည်း သတိမထားရင်ပေါ့။ တကယ်တော့ အိန္ဒိယရဲ့ မူဝါဒအပေါ်မှာ မူတည်မယ်ထင်တယ်။ သူက မြေရှားသတ္တု အဓိကယူဖို့ ကြိုးစားထားရင်တော့ ဗိုလ်ချုပ်ဂွမ်မော်ပြောတာတွေ ဖြစ်လာနိုင်တယ်လေ။ KIA နဲ့ ချင်း  အဖွဲ့တွေကို သူအသုံးချနိုင်တာပဲလေ အိန္ဒိယက။ ဆိုတော့ သူပြောသလောက်တော့ မလွယ်ပါဘူး။ သူကိုယ်တိုင် လုပ်ဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ သတိထားရမှာက သူက ကုလား(အိန္ဒိယ)အစိုးရနဲ့ ဘယ်လောက် အထိ နားလည်မှု ယူထားသလဲဆိုတာကတော့ သတိထားရမှာပေါ့။ ကုလားအစိုးရနဲ့သူ သဘောတူညီချက် တစ်ခုခု ရထားရင်တော့ အန္တရာယ်ရှိပါတယ်။ တော်တော် အန္တရာယ်ရှိတယ်” ဟု ပြောသည်။

အိန္ဒိယနှင့် KIA တို့ကြား လျှို့ဝှက် သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်း ထောက်လှမ်းမှု တစ်ခု အရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု အမေရိကန်အခြေစိုက် Silicon Valley Time မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖော်ပြခဲ့သည်။

ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လျော့ကျစေရန် လုပ်ဆောင်နေချိန်တွင် မြေရှားသတ္တုများအား တူးဖော်ရေးအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ပြောသွားသည့်အထဲတွင် ချင်းပြည် အရေးကို အလေးထား ကြိုးစားနေကြောင်း၊ ချင်းပြည် အရင်းအမြစ်သည် တစ်နိုင်လုံး၏ အောင်မြင်မှုကို ပေးစွမ်း နိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေ ကြောင်းလည်း ပါရှိသည်။

မြေရှားသတ္တုကို တွေ့ရစဉ်

ထိုသို့ ချင်းနှင့်ပတ်သက်၍ ထုတ်ဖော် ပြောဆိုလာခြင်းသည် နိုင်ငံကြီးတစ်နိုင်ငံ၏ လွှမ်းမိုးမှု ရှိ၊ မရှိ မသိနိုင်သော် လည်း ချင်းပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယ နှစ်နိုင်ငံလုံးဖြင့် နီးစပ်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကချင်နဲ့ဆိုရင် တရုတ်က အိမ်နီးနားချင်း အနီးဆုံး ဖြစ်တာပေါ့။ နောက်တစ်ခါ ကျနော်တို့ ချင်းကြတော့ အိန္ဒိယနဲ့လည်း နီးစပ်တယ်၊ ဘင်္ဂလားဒေ့ရှ်နဲ့လည်း နီးစပ်တယ်။ အဲဒီတော့ နောက်ကွယ်ရဲ့ အကူအညီ ပေးမှုက ဘယ်လိုမျိုး ဆက်စပ်လဲ မသိဘူး။ အမှန်ကတော့ အိန္ဒိယဘက်မှာရှိတဲ့ မီဇိုရမ်ပြည်နယ်တို့၊ မဏိပူရ်တို့ ဆိုရင် တော့ ကျနော်တို့ ချင်းတွေ အများစုနေတဲ့ နေရာမျိုးဖြစ်တယ်။ ဆိုတော့ တစ်ဖက်နဲ့ တစ်ဖက် ဒီလို ကူးလူးဆက်ဆံ တာတွေ၊ တစ်ယောက်နဲ့တစ်ယောက် အကူအညီ ပေးတာတွေတော့ ရှိနိုင်တယ်။ ကချင်ကြတော့ တရုတ်နဲ့နီးစပ် တာပေါ့။ ဒါပေမယ့် ကချင်နဲ့ ချင်းနဲ့ကလည်း သမိုင်းကြောင်းအရ ဆွေမျိုးလည်း ဖြစ်တယ်၊ စစ်ရေးလှုပ်ရှားမှု အပေါ်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အထောက်အကူပြုတာတွေ တော့ရှိတယ်။ ဆိုတော့ နိုင်ငံကြီး တစ်နိုင်ငံရဲ့  လွှမ်းမိုးမှု ရှိ၊ မရှိတော့ ကျနော်တို့ အသေးစိတ် မသိနိုင်ဘူး” ဟု ပြောသည်။

အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင် ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလိုမီတာအရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေကြောင်း၊ မြန်မာအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယ ကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့် ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါးများနှင့် အခြားထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်ကြောင်း Silicon Valley Time က ဖော်ပြဖူးသည်။

လီဒိုလမ်းကို တွေ့ရစဉ်

မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

ထိုစင်္ကြံလမ်းအတွက် ရံပုံငွေကို မြန်မာနိုင်ငံ၏ တရားမဝင် သစ်မှောင်ခို ကွန်ရက်များမှ ရရှိသည့် ဝင်ငွေများထဲမှ သုံးစွဲမည်ဖြစ်ပြီး အိန္ဒိယသို့ မြေရှားသတ္တုများ၊ ရေနံနှင့် ကျွန်းသစ်များကို ရေရှည် ပို့ဆောင်ခွင့်ရစေမည်ဖြစ်သည်။

အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်မှတစ်ဆင့် KIA ကို ခေတ်မီ လက်နက်စနစ်များ၊ ဆေးဝါး အထောက်အပံ့များ အပါအဝင် စစ်ရေး အထောက်အပံ့များ ပေးနေသည့် အိန္ဒိယ၏ ကူညီထောက်ပံ့ပေးမှုကြောင့် မြန်မာ့တပ်မတော်ကို ထိပ်တိုက် တွေ့နေသော KIA ၏ စွမ်းဆောင်ရည်များကို ပိုမိုမြင့်တက်စေခဲ့ကြောင်း ဖော်ပြချက်အရသိရသည်။

အပြန်အလှန်အနေဖြင့် KIA  ကလည်း နယ်စပ်ဒေသတွင် NSCN-K/YA အပါအဝင် အိန္ဒိယဆန့်ကျင်ရေး သောင်း ကျန်းသူ အုပ်စုများကို နှိမ်နင်းပေးမည်ဟု ကတိပြုခဲ့သလို အငြင်းပွားနေသည့် ချင်းပြည်နယ်နှင့် ကဘော်ချိုင့်ဝှမ်း ဒေသများတွင် အိန္ဒိယ၏ ကြေညာချက်များကို တိတ်တဆိတ် ထောက်ခံပေးခဲ့ကြောင်းလည်း သိရသည်။

သို့သော် ထိုကိစ္စများနှင့်ပတ်သက်၍ KIA ဘက်ကမူ ငြင်းဆိုထားသည်။