CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့အကြား တစ်စုံတစ်ရာ ပြေလည်မှုရသွားပါက တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံအတွက် အကျိုးရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တပ်မတော်ဘက်မှ တာဝန်ရှိသူများသည် တရုတ်နှင့် အိန္ဒိယ အာဏာပိုင် များဖြင့် တွေ့ဆုံမှုများ ခပ်စိပ်စိပ် တွေ့လာရသည်။

ထိုသို့ တွေ့ဆုံမှုများမှာ အဓိအားဖြင့် တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်း အတွက်ဖြစ်ကြောင်း၊ ထိုလမ်း ကြောင်းအတွက် မြန်မာနိုင်ငံမှ ကချင်ပြည်နယ်သည် အဓိကကျကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

KIA အဖွဲ့ကိုတွေ့ရစဉ်

၎င်းက “ကချင်ပေါ့လေ။ အဓိက,ကတော့ အိန္ဒိယနဲ့ တရုတ်နဲ့ ဆက်သွယ်ရေးလိုင်း အဲဒါကို စစ်ကော်မရှင် ဥက္ကဋ္ဌ ကလည်းပဲ သွားပြီးတော့ ပါဝင်ပတ်သက် ထားတယ်ဆိုတော့ ဒီအပေါ်မှာ ကချင်ကလည်းပဲ သူပိုင်တဲ့နယ်မြေ၊ သူ့ရဲ့လှုပ်ရှား နယ်မြေဖြစ်တော့ သူ့ရဲ့ဩဇာကလည်းပဲ အဲဒီဒေသမှာ သက်ရောက်မှု ရှိအောင်ဆိုတဲ့ သဘောမျိုး ကြိုးပမ်းနေ တယ်လို့လည်း ယူဆလို့ရတာပေါ့။ အခုလောလောဆယ်တော့ အဓိကဖြစ်တဲ့ အဲဒီနယ်မြေမှာရှိတဲ့ KIO/KIA နဲ့ စစ်ကော်မရှင်နဲ့ တစ်စုံတစ်ရာ အပစ်အခတ်ရပ်တဲ့ စာချုပ်တို့ သို့တည်းမဟုတ် ဟိုးအရင် KIO ခေါင်းဆောင်တွေ ဦးဆောင်ထားတဲ့ NCA စာချုပ်အပေါ်မှာ ပြင်ဆင်ဖြည့်စွက်ပြီးတော့ ပူးပေါင်းဆောင်ရွက်တာတို့ တစ်စုံတစ်ရာ ပြေလည်မှု ရသွားရင်တော့ တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်းက ကျနော်တို့ တိုင်းပြည် အတွက် အကျိုးရှိတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် တရုတ်ဒုသမ္မတ မစ္စတာဟန်ကျိန့်တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ တွေ့ဆုံခဲ့ကြသည်။

ထို့ပြင် မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၁၂ ရက်ကလည်း မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ၏ အရှေ့ပိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယ အရှေ့ပိုင်း စစ်ဌာနချုပ်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari အပါအဝင် အခြား ထိပ်သီးအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်အတွင်း လီဒိုလမ်း ပြန်လည်ပြုပြင်ရေး၊ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေး၊ အိန္ဒိယ-မြန်မာ မြေရှားသတ္တု တူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ် 

လီဒိုလမ်းသည် တရုတ်နှင့် အိန္ဒိယကို ဆက်သွယ်သည့် လမ်းကြောင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကချင်ပြည်နယ်သည် အဓိကဖြစ်သည့်အတွက် ထိုလမ်းကြောင်း အဆင်ပြေသွားပါက မြစ်ကြီးနားမြို့သည် အချက်အချာမြို့တစ်ခု ဖြစ်လာနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါလည်း ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်ရေးအတွက်ကောင်းသော လက္ခဏာလို့ ပြောလို့ရတာပါပဲ။ ကျနော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ မရှိလေ ကောင်းလေပဲပေါ့နော်။ အဲဒါကတော့ ကျနော့်ရဲ့ အမြင်။ ဒါပေမယ့် လက်ရှိ အခြေအနေအရကတော့ နိုင်ငံတော် အစိုးရကတော့ ဒီ KIA နဲ့ စကားပြောမယ်ဆိုရင်လည်း resource sharing, power sharing တွေအစား တည်ငြိမ် အေးချမ်းရေးအတွက်ကို အဓိကပြောပြီးမှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဘက်ကို အခြေတည်သွားမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါ ကျနော့်အမြင်ကို ပြောပြတယ်။ ဒီပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ပြောလို့မှ KIA ဘက်က လက်မခံဘူးဆိုလည်း ပြည်သူက ဆန့်ကျင်ပါလိမ့်မယ်။ ဘာကြောင့်ဆို ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပြည်သူလူထုက အရမ်းလိုလားနေပြီ။ အခုစစ်ပွဲတွေကြားထဲမှာ ဒုက္ခရောက်တာ ပြည်သူတွေပဲ။ ဒုက္ခတွင်းထဲက ‌ကျော်ဖို့အတွက်ကို ပြည်သူတွေက တော်တော်ကြီး လိုလားနေတဲ့ အခါကြတော့ မြေရှားသတ္တုကိစ္စ၊ သယံဇာတကိစ္စ အဲဒါတွေကို အပေးယူလုပ်မယ့်အစား ငြိမ်းချမ်းရေးဘက်ကို ကျနော်တို့ ဒီလို လုပ်ပြီးမှ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေချပြပြီးမှ ဆွေးနွေးညှိနှိုင်းစေချင်ပါတယ်” ဟု ပြောသည်။

တရုတ်ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၊ လာအို သမ္မတ သောင်လောင်ဆီ ဆိုလစ်၊ ပါကစ္စတန်ဝန်ကြီးချုပ် မူဟာမက်စ် ရှက်ဘာ ရှာရီစ်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ၊ အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို၊ အာဆီယံအတွင်းရေးမှူး၊ ကာဇက်စ္စတန်သမ္မတ အပါအဝင် တခြားသော နိုင်ငံတကာ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။