CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ရှိစေရေးကို ဘာကြောင့် လိုလားသလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲ လိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆို လုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကြောင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

တရုတ်အကျိုးစီးပွားအတွက် မြန်မာပြည် တည်ငြိမ်အေးချမ်းရေးကို တရုတ်လိုလားကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “သူကတော့ အဓိက သူ့အကျိုးစီးပွားပါပဲ၊ သူ့အကျိုးစီးပွားကြည့်ပြီး ပြောတာပေါ့၊ နောက်တစ်ချက်က ဒီအသံထွက်လာတာက ဘင်္ဂလားဒေ့ရှ် ကိစ္စလည်း ပါတာပါ့။ အခု ဘင်္ဂလားဒေ့ရှ် ဖြစ်သွားတဲ့အခါကြတော့ သူက မြန်မာပြည်ကိုပဲ အဓိက အာရုံစိုက်ရတော့မှာလေ၊ ဟိုတုန်းက ဘင်္ဂလားဒေ့ရှ် မဖြစ်ခင်တုန်းက သူက မြန်မာပြည် ကို သူကစားလို့ ရသေးတာကို အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း သူ့ဖက်ကနေပြီး တော့ မြန်မာပြည်ကို ဆက်ဆံပုံတွေက တော်တော်လေး ကြီးကြီးမားမား ပြောင်းလဲလာတာကို တွေ့ရတာပေါ့၊ အဲဒါကြောင့်မို့လို့ သူ့အကျိုးစီးပွားအတွက်ကို မြန်မာပြည် တည်ငြိမ်အေးချမ်းရေးက အရမ်းအရေးကြီးသွားပြီလေ၊ အဲဒါကြောင့်မို့လို့ သံရုံးက စာထုတ်တဲ့ ကိစ္စတွေက အဲဒီကိစ္စလို့ ကျနော့်အနေနဲ့ မြင်တာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ရန်အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် လိုအပ် ကြောင်း၊ လက်ရှိ အခြေအနေထက် အရပ်သားအစိုးရတစ်ရပ်ပေါ်လာရေး တရုတ်က လိုလားကြောင်း သုံးသပ်မှု များရှိနေသည်။

တရုတ်နိုင်ငံသာမက မြန်မာပြည်သူတစ်ရပ်လုံး တည်ငြိမ်အေးချမ်းမှုကို လိုအပ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကို တွေ့ရစဉ်

၎င်းက “တရုတ်ကတော့ နှစ်ချက်ရှိမယ်၊ တစ်ချက်ကတော့ သူ့ရဲ့ ဗမာပြည်မှာ လုပ်နေတဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်း တွေပေါ့၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ဓါတ်ငွေ့၊ ရေနံပိုက်လိုင်းကြီးတွေ နောက်ပြီးတော့ ကူမင်း-မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်းကြီးတွေ အများကြီးရှိတော့ ဒါတွေ လုပ်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ လိုတာကို ဒါကြောင့် သူက တည်ငြိမ်အေးချမ်းမှုကို ယူကြပါလို့ တိုက်တွန်းတာ ဖြစ်တယ်၊ ဒုတိယကတော့ တည်ငြိမ်အေးချမ်းမှုကတော့ တရုတ်မှ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားတွေ အားလုံးလည်း လိုပါတယ်။ အခု အောက်ခြေမှာ မနေ့တနေ့ကပဲ ကျနော်တောင်ကြီးက ပြန်ခဲ့တယ်၊ အောက်ခြေမှာ အားလုံး လိုက်မေးတယ်၊ တွေ့ထဲ လူထုမေးတယ်၊ အညာဒေသကလူလည်း တွေ့တယ်၊ အားလုံးက တည်ငြိမ်အေးချမ်းမှုပါပဲတဲ့ နိုင်ငံရေး အာဏာကို လုကြဘာကြကတော့ သပ်သပ်ပေါ့၊ သို့သော် ပြည်သူလူထု နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုံးဝမရှိအောင် လုပ်နိုင်ရင် အကောင်းဆုံးပါပဲတဲ့ တခြားနည်းနဲ့ အာဏာယှဉ်ပြိုင်မှုတွေ လုပ်ကြရင်လည်း ကောင်းပါတယ်ပေါ့လေ၊ လက်နက်ကိုင်ပဋိပက္ခကတော့ ဆုံးရှုံးနစ်နာမှု အင်မတန်ကြီးမားတာပေါ့ဗျာ၊ အသက်တွေ အိုးအိမ်တွေ၊ မြို့ရွာတွေ၊ လမ်းတွေ၊ စီးပွားရေး၊ လူမှု အကုန်ကျဆုံးတာကို ဒါကြောင့် ဒီအပေါ်မှာတော့ ဗမာပြည်မှာ ရှိတဲ့ လူထုအများစု လိုချင်တာက တည်ငြိမ်အေးချမ်းမှုပါပဲတဲ့ ဒါကို ကျနော်တို့ ဖော်ဆောင်ပေးဖို့ လိုပါတယ်လို့” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့နောက် နစက၏ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ် ဆောင်ရွက်နေမှု အပါအဝင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။