CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၇

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ၏ ဝါရှင်တန် (Washington) ခရီးစဉ်အတွင်း အမေရိကန်သည် ယူကရိန်းအတွက် ဒေါ်လာ ၈ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီများပေးရန် ကြေညာလိမ့် မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့သည် ယခင်စစ်ရေး အကူအညီ သက်တမ်းကုန်မည့် စက်တင်ဘာ ၃၀ ရက်မတိုင်မီ ယူကရိန်းအတွက် စစ်ရေးအကူအညီပေးဖို့ ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ အသုံးပြုခွင့် ရရှိရန် လွှတ်တော်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

အိမ်ဖြူတော်သည် အမေရိကန်၏ လက်နက်တိုက်မှ ဒေါ်လာ ၅ ဒသမ ၆ ဘီလျံကို အသုံးပြုမည့် အကြောင်းကို ကြေညာရန် လွှတ်တော်အား အသိပေးဖို့ရည်ရွယ်ထားသည်။

ထိုစစ်ရေးအကူအညီတွင် ပါဝင်မည့် လက်နက်ပစ္စည်းများကိုမူ မသိရသေးကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောသည်။

ယူကရိန်းအတွက် စစ်ရေး အကူအညီပေးရာတွင် အရေးပေါ် အစီအစဉ်တစ်ခုကို ဘိုင်ဒန်အစိုးရအဖွဲ့က စဉ်းစားနေ ကြောင်း ယခုလအတွင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

သို့သော် လက်နက်များနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းပေးပို့မည့် အချိန်ကာလကို စက်တင်ဘာ ၃၀ ရက် သက်တမ်းကုန်ချိန်နှင့် မသက်ဆိုင်စေဘဲ သက်တမ်းထပ်တိုးခွင့်ရရှိရန် အမေရိကန်က ပြင်ဆင်နေသည်ဟု ဆိုသည်။

ဘိုင်ဒန်နဲ့ဇာလန်းစကီးကို တွေ့ရစဉ်

နောက်ထပ် ၂ ဒသမ ၄ ဘီလျံ တန်ကြေးရှိ စစ်ရေးအကူအညီကို ယူကရိန်းဆိုင်ရာ လုံခြုံရေး အထောက်အကူပြု အစီအစဉ်၏ ခေါင်းစဉ်အောက်တွင် ကြေညာသွားမည်ဖြစ်သည်။

ထိုအစီအစဉ်အရ အမေရိကန်အစိုးရသည် အမေရိကန်လက်နက်တိုက်ကနေ လက်နက်များကို တိုက်ရိုက် လွှဲပြောင်း ပေးခြင်းထက် ကာကွယ်ရေးကုမ္ပဏီများထံမှ လက်နက်များကို ဝယ်ယူပြီး ယူကရိန်းအား ထောက်ပံ့ခွင့် ရှိနေသည်။

ထိုစစ်ရေး အကူအညီထဲတွင် ခဲယမ်းများ၊ တိုက်ခိုက်ရေး ဒရုန်းများအတွက် လက်နက်များ၊ ယူကရိန်းရှိ လက်နက် ထုတ်လုပ်ရေး စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းများ ပါဝင်သည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်သည် ယူကရိန်းကို ရုရှားက ဝင်ရောက် ကျူးကျော်ခဲ့ချိန်မှစပြီး ယနေ့အချိန်အထိ ယူကရိန်းနှင့် အစ္စရေး အပါအဝင် မဟာမိတ်နိုင်ငံများအတွက် စစ်ရေးအကူအညီကို ဒေါ်လာ ၁၇၅ ဘီလျံနီးပါး ထောက်ပံ့ပေးရန် အတည်ပြုခဲ့သည်။

Source: ရိုက်တာ