CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၅

အမေရိကန်၏ ပြတ်သားသည့် လုပ်ဆောင်ချက်များသည် ယူကရိန်းတွင် ဆင်နွှဲနေသည့် ရုရှား၏စစ်ပွဲကို လာမည့်နှစ်အတွင်း အဆုံးသတ်နိုင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskiy) က ပြောကြားခဲ့သည်။

ဇာလန်းစကီးက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် နီးကပ်နေပြီဖြစ်ကြောင်း ABC News သတင်းဌာနကို ပြောကြားခဲ့ ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

"အခုနှစ်ကုန်ပိုင်းမှာ ယူကရိန်းနဲ့ အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်ဖို့ ကျနော်တို့မှာ စစ်မှန် တဲ့ အခွင့်လမ်းတစ်ခု ရှိပါတယ်" ဟု ဇာလန်းစကီးက အမေရိကန်လွှတ်တော်တွင် ပါတီနှစ်ရပ်ပေါင်း ကိုယ်စား လှယ်အဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်၏ ပြတ်သားသည့် လုပ်ဆောင်ချက်သည် ယူကရိန်းတွင် ရုရှား၏ကျူးကျော်မှုကို လာမည့်နှစ် အတွင်း အလျင်အမြန် အဆုံးသတ်စေနိုင်ကြောင်း ဇာလန်းစကီးက ၎င်း၏ Telegram အကောင့်တွင် ရေးသားခဲ့ သည်။

ဇာလန်းစကီးသည် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ရန်အတွက် အမေရိကန်သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဝါရှင်တန်သို့ သွားရောက်ကာ ၎င်း၏ စစ်ပွဲအောင်နိုင်ရေး အစီအစဉ်ကို တင်ပြမည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ် ထရမ့် (Donald Trump) က သူသာရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက ယူကရိန်းစစ်ပွဲကို ရက်ပိုင်းအတွင်း အဆုံးသတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဇာလန်းစကီးသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်များကိုသာ အနိုင်ရစေလိုသည် ဟုလည်း ထရမ့်က အထောက်အထားမပြဘဲ ပြောကြားခဲ့သည်။

ထရမ့်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး ယူကရိန်းသမ္မတရုံးက မှတ်ချက်မပေးခဲ့သော်လည်း ဇာလန်းစကီး ကမူ ရွေးကောက်ပွဲ မည်သူပဲ အနိုင်ရရှိသည်ဖြစ်စေ၊ အနိုင်ရသူနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ABC News နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင်လည်း ဇာလန်းစကီးက အမေရိကန်နှင့် အခြားမဟာမိတ်များ အနေဖြင့် ယူကရိန်းကို ဆက်လက် ထောက်ပံ့ပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

Source: ရိုက်တာ