CNI International News

ဟောင်ကောင်၊ စက်တင်ဘာ ၂၆

တရုတ်နှင့်တင်းမာနေသည့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး နျူကလီးယားစစ်ပွဲအတွက် အမေရိကန်လေတပ်က ပြင်ဆင်နေသည်ဟု Asia Times မှ  ဖော်ပြခဲ့သည်။

တရုတ်၏ လက်နက်အင်အား ကြီးမားလာမှုနှင့် ပြောင်းလဲလာသည့် မဟာဗျူဟာသည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား ဟန်ချက်ကို ပုံဖော်နေချိန်တွင် အမေရိကန်လေတပ်သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိသော တိုက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။

ဝါရှင်တန် (Washington) မြို့တော်အနီးတွင် ပြုလုပ်သည့် လေကြောင်းနှင့် အာကာသတပ်ဖွဲ့များအသင်း ညီလာခံ ၌ အမေရိကန်လေတပ်သည် နျူကလီးယားနှင့်ဆက်နွှယ်သည့် စိတ်မှန်းဖြစ်နိုင်ခြေ အမျိုးမျိုးအတွက် အသင့် အနေအထားရှိမှုကို လေ့လာဆန်းစစ်ရန် ဆွေးနွေးညှိနှိုင်းမှုများအပေါ် အခြေခံသည့် လေ့ကျင့်မှုတစ်ခု ပြုလုပ်ရန် စီစဉ်နေကြောင်း အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး အန်ဒရူး ဂီဘာရာ (Andrew Gebara) က ကြေညာခဲ့သည်ဟု War Zone သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး အန်ဒရူး ဂီဘာရာကို တွေ့ရစဉ်

ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ထိုလေ့ကျင့်မှုသည် ဥရောပ၌ အသုံးပြုနေသည့် အသေးစား နျူကလီးယား လက်နက်များအတွက် ပြင်ဆင်မှုများပြုလုပ်ရန်၊ နျူကလီးယား အစမ်းလေ့ကျင့်မှု သို့မဟုတ် စမ်းသပ်မှုများ ပြုလုပ်ရန်နှင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံများ ပါဝင်သည့် ဒေသတွင်း ပဋိပက္ခများနှင့် လိုက်လျော ညီထွေရှိအောင် ပြင်ဆင်ရန် ရည်ရွယ်ထားသည်ဟု War Zone မှ ဖော်ပြခဲ့သည်။

အမေရိကန်လေတပ်သည် အဆင့်ပေါင်းစုံတွင် လေ့ကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်ပြီး သမားရိုးကျ မဟာဗျူဟာ အဆင့်ထက်ကျော်လွန်ပြီး နည်းဗျူဟာမြောက် ထည့်သွင်းစဉ်းစားမှုများကို လုပ်ဆောင် ရန် ဒုတိယဗိုလ်ချုပ်ကြီး ဂီဘာရာက ပြောကြားခဲ့သည်ဟု ဆိုသည်။

ပြောင်းလဲလာသည့် နျူကလီးယားခြိမ်းခြောက်မှု သဘောသဘာဝနှင့်အညီ လိုက်လျောညီထွေရှိစေရန် ပြောင်းလဲ မှုများထဲတွင် နိုင်ငံအများအပြား ပါဝင်လာမှု၊ အသေးစား နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ အပါအဝင် လက်နက်ဖြန့်ချိရေးစနစ်များကို ပိုမိုချဲ့ထွင်ရေးတို့ ပါဝင်သည်။

အမေရိကန်လေတပ်ကို တွေ့ရစဉ်

ထိုလေ့ကျင့်မှု၏ ရလဒ်များကို မကြာမီပြုလုပ်မည့် CORONA တပ်မှူးများ ညီလာခံတွင် တင်ပြမည်ဖြစ်သည်ဟု War Zone မှ ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လကလည်း တရုတ်၏ မဟာဗျူဟာ ရှုထောင့်များအမည်ရှိ သတင်းတစ်ပုဒ်တွင် တရုတ်၏ နျူကလီးယားမဟာဗျူဟာသည် ကာလကြာရှည် ငြင်းခုံမှုများရှိခဲ့ပြီး ၎င်း၏ နျူကလီးယားအင်အားကို မြှင့်တင်ရန် ပုံစံမျိုးစုံဖြင့် ပေါ်ထွက်လာကြောင်း ကျွမ်းကျင်သူများဖြစ်သည့် ဒေးဗစ် လိုဂန် (David Logan) နှင့် ဖီးလစ် ဆန်းဒါးစ် ( Phillip Saunders ) တို့က ရေးသားဖော်ပြခဲ့ကြသည်။

ထိုပုံစံများထဲတွင် နျူကလီးယားဖြင့် တိုက်ခိုက်ခံရပါက နျူကလီးယားဖြင့် ပြန်လည်တိုက်ခိုက်ရေး၊ နျူကလီးယား အကာအကွယ် ပုံစံများလည်း ပါဝင်ကြောင်း၊ တရုတ်သည် ရန်ဘက်များ၏ စွမ်းဆောင်ရည်များကို ဆန့်ကျင်နိုင် သည့် ပျက်သုဉ်းနိုင်စွမ်းမရှိသော နျူကလီးယားတပ်ဖွဲ့ကို ထိန်းသိမ်းထားရန် ရည်ရွယ်ကြောင်း လိုဂန်နှင့် ဆန်းဒါးစ် တို့က ပြောကြားခဲ့သည်။

Source: Asia Times