CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၂၆

ဘင်္ဂလားဒေ့ရှ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် ရွေးကောက်ပွဲများတွင် မိခင်ဖြစ်သူ၏ ပါတီ မပါဝင်ဘဲ မဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina)၏ သားဖြစ်သူ ဆာဂျိဘ် ဝါဇက် (Sajeeb Wazed) က ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲများကို ၁၈ လအတွင်း ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့သည့် စစ်တပ် အကြီးအကဲ၏ မှတ်ချက်ကို ထောက်ခံကြောင်း ၎င်းက ပြောသည်။

ဩဂုတ်လအတွင်းက ဟာစီနာကို ရာထူးမှ ဖြုတ်ချခဲ့သည့် ဆူပူအုံကြွမှုများတွင် ပါဝင်ခြင်းမရှိဘဲ လက်ရှောင်နေခဲ့ သော ဗိုလ်ချုပ်ကြီးဇာမန် ( Waker-uz-Zaman ) က ဒီမိုကရေစီကို ၁ နှစ်မှ ၁ နှစ်ခွဲအတွင်း ပြန်လည်ထိန်းသိမ်း သင့်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

"ကျနော်တို့ မျှော်လင့်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုကို အခုလိုကြားရတော့ ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံနဲ့မညီဘဲ ရွေးကောက်ခံ အစိုးရမဟုတ်တဲ့ ကြားဖြတ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ကတိတွေဟာ အခြေအနေကို ပိုပြီးဆိုးရွားစေပါလိမ့်မယ်" ဟာစီနာ၏ သားဖြစ်ပြီး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဆာဂျိဘ် ဝါဇက် (Sajeeb Wazed) က စက်တင်ဘာ ၂၅ ရက်တွင် ရိုက်တာကို ပြောကြားခဲ့သည်။

 ဗိုလ်ချုပ်ကြီးဇာမန်ကို တွေ့ရစဉ်

ဟာစီနာ ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက် ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည့်   မိုဟာမက် ယူနွတ် (Muhammad Yunus) က တရားရေးစနစ်၊ ရဲတပ်ဖွဲ့နှင့် ဘဏ္ဍာရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး လူဦးရေ သန်း ၁၇၀ နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်တွင် ပွင့်လင်းပြီး မျှတမှုရှိသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပြုခဲ့သည်။

ဟာစီနာ၏ သားဖြစ်သူ ဝါဇက်ကမူ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်လက်အောက်မှ ငြိမ်းချမ်းရေး ရပြီးကတည်းက ဘင်္ဂလားဒေ့ရှ်တွင် အာဏာသိမ်းမှု သမိုင်းကြောင်းများကို ထိုကဲ့သို့ ရည်ညွှန်းပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် နောက်ဆုံးအကြိမ် အာဏာသိမ်းမှုသည် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး ထိုအချိန်က စစ်တပ်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြားဖြတ်အစိုးရသည် ဟာစီနာ အာဏာမရခင်အချိန်အထိ နိုင်ငံကို ၂ နှစ် ကြာ အုပ်ချုပ်ခဲ့သည်။

ရှိတ်ဟာစီနာကို တွေ့ရစဉ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဇာမန်က ကြားဖြတ်အစိုးရကို အပြည့်အဝ ထောက်ခံ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် ဝါဇက်၏ မှတ်ချက်စကားများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ် သည်။

ဘင်္ဂလားဒေ့ရှ်တွင် အဓိက နိုင်ငံရေးအင်အားကြီး ပါတီ ၂ ခုရှိပြီး တစ်ခုမှာ ဟာစီနာ၏ Awami League ပါတီဖြစ် ကာ နောက်တစ်ခုမှာ ၎င်း၏ ပြိုင်ဘက် BNP ပါတီတို့ဖြစ်သည်။

ထိုပါတီနှစ်ခုစလုံးက ရွေးကောက်ပွဲကို ၃ လအတွင်း ကျင်းပပေးရန် တိုက်တွန်းလျက်ရှိသည်။

ယူနွတ်၏ ရုံးကမူ အစိုးရအဖွဲ့သည် ရွေးကောက်ပွဲ ကျင်းပရန်အတွက် ပြုပြင်ပြောင်းလဲရေးအဖွဲ့၏ အကြံပြုချက် ကို လက်ခံရရှိခဲ့ပြီးနောက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ