CNI International News 

ဒါကာ၊ ဩဂုတ် ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီတင်းပတ် ပေါင်းများစွာကြာ အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ(Sheik Hasina)သည် ရာထူးမှနုတ်ထွက်ခဲ့ပြီး ပြည်ပနိုင်ငံသို့ ထွက်ပြေးခဲ့သည့်အတွက် စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်ဟု အယ်ဂျားဇီးယားသတင်းတွင် ဖော်ပြထား သည်။

ဘင်္ဂလားဒေ့ရှ်တွင် သီတင်းပတ် ပေါင်းများစွာကြာ ဆန္ဒပြမှုများကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး နောက်ထပ် သွေးထွက်သံယိုဖြစ်စဉ်များ ဖြစ်ပွားမှုကိုရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် ဩဂုတ် ၅ ရက်တွင် ဟာဆီနာသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မည်သူက အုပ်ချုပ်မည့်အပေါ် လူအများက အာရုံစိုက်လျက်ရှိကြသည်။

ကြားဖြတ်အစိုးရတစ်ရပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် အုပ်ချုပ်သွားမည်ဖြစ်ကာ စိတ်အေးသက်သာစွာ ထားကြရန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာအုဇ်ဇာမန်(Waker-Uz-Zaman)က နိုင်ငံကို ပြောကြားသည့် မိန့်ခွန်းတွင် ကြေညာခဲ့သည်။

ရှိတ်ဟာစီနာကို တွေ့ရစဉ်

လူအုပ်ကြီးသည် ကာဖျူးမိန့်ကို လျစ်လျူရှုကာ ဒါကာမြို့တော်ရှိ ဝန်ကြီးချုပ်ရုံးကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ပေါင်း၂၀ နီးပါး အုပ်ချုပ်ခဲ့သည့် ဟာဆီနာသည်  ဩဂုတ် ၅ ရက်က စစ်တပ်ရဟတ်ယာဉ်ဖြင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း လက်ထောက်တစ်ဦးက အယ်ဂျားဇီးယား သတင်းကို ပြောပြခဲ့သည်။

အိန္ဒိယမီဒီယာများတွင် ဖော်ပြချက်အရ ဟာဆီနာ လိုက်ပါလာသော လေယာဉ်သည် နယူးဒေလီမြို့တော်အနီး ဟင်ဒန်လေတပ်စခန်း(Hindon Air Base) သို့ ဆင်းသက်ခဲ့သည်ဟု ဆိုသည်။

ဟာဆီနာ လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ် လေတပ်လေယာဉ်သည် အိန္ဒိယနိုင်ငံ၊ ဂါဇီယာဘတ်မြို့ရှိ စစ်စခန်း တစ်ခုတွင် ဆင်းသက်ခဲ့ကြောင်း India Today သတင်း၌ ဖော်ပြခဲ့သည်။

အာဏာပိုင်များက ဖြိုခွင်းရန် ကြိုးပမ်းသော သီတင်းပတ် ပေါင်းများစွာကြာ ဆန္ဒပြမှုများအတွင်းလူ ၃၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် ဟာဆီနာက ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၄ ရက် ညအချိန်က ဖြစ်ပွားခဲ့သော ဆန္ဒပြ အဓိကရုဏ်း ဖြစ်စဉ်တစ်ခုအတွင်း လူ ၁၀၀ နီးပါး သေဆုံး ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများကိုတွေ့ရစဉ်

ဩဂုတ်၅ ရက်တွင် လူအုပ်ကြီးသည် ဝန်ကြီးချုပ်နန်းတော်ကို ဝင်ရောက်စီးနင်းခဲ့သည့်အတွက် ဟာဆီနာ၏ မိန့်ခွန်းပြောရန် ရည်ရွယ်ချက်ကို အဟန့်အတား ဖြစ်စေခဲ့သည်။

ဆန္ဒပြသူများသည် အဆောက်အအုံများကို ဝင်ရောက်စီးနင်းချိန်တွင် ဒါကာမြို့တော်၌ ဖြစ်ပွားသည့် အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း လူ ၂၀ထက်မနည်း သေဆုံးခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဩဂုတ် ၅ ရက် နေ့လယ်ခင်းအချိန်တွင် ဟာဆီနာပြည်ပသို့ ထွက်ပြေးသည့်သတင်း ပျံ့နှံ့ခဲ့ပြီးနောက် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော်လည်း လမ်းပေါ်ရှိ လူအုပ်ကြီးသည် အောင်ပွဲခံခဲ့ကြသည်။

Source- အယ်ဂျားဇီးယား