CNI International News

ဒါကာ၊ စက်တင်ဘာ ၂၅

ဘင်္ဂလားဒေ့ရှ်တွင် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်မည့် ကြားဖြတ်အစိုးရအဖွဲ့ကို ထောက်ခံပေးသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဇာမန် ( Waker-uz-Zaman )က ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Prime Minister Sheikh Hasina) ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ကြားဖြတ်အစိုးရအဖွဲ့သည် ၁၈ လအတွင်း ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီးဇာမန်နှင့် ၎င်း၏ စစ်သားများသည် ဩဂုတ်လ အစောပိုင်းက ဟာစီနာကို ရာထူးမှ ပြုတ်ကျစေခဲ့သည့် ကျောင်းသားများဦးဆောင်သော ဆန္ဒပြမှုများ ဖြစ်ပွားစဉ်အတွင်း ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လက်ရှောင်နေခဲ့ သည်။

ဟာစီနာသည် နိုင်ငံအတွင်း ဆူပူအုံကြွမှုများကို မထိန်းနိုင်တော့သဖြင့် ဩဂုတ် ၅ ရက်တွင် ရာထူးမှနုတ်ထွက်ကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့သဖြင့် ၎င်း၏ ၁၅ နှစ်ကြာ အာဏာသက်တမ်း အဆုံးသတ် သွားခဲ့သည်။

ဒါကာ (Dhaka) မြို့တော်ရှိ ၎င်း၏ ရုံးခန်းတွင် ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ဗိုလ်ချုပ်ကြီးဇာမန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့ကို အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် ယူနွတ်ကို တွေ့ရစဉ်

"ကျနော် သူ့ (ယူနွတ်) ဘက်က ရပ်တည်သွားမှာပါ။ ဘာတွေပဲဖြစ်လာလာ သူ့တာဝန်ကို သူအပြီးသတ် လုပ်ဆောင်နိုင်ပါလိမ့်မယ်" ဟု ဗိုလ်ချုပ်ကြီးဇာမန်က ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အသေးစား ချေးငွေလုပ်ငန်းကို ဦးဆောင်ခဲ့သဖြင့် နိုဘယ်ဆုရရှိခဲ့သည့် ယူနွတ်က တရားရေး စနစ်၊ ရဲတပ်ဖွဲ့နှင့် ဘဏ္ဍာရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး လူဦးရေ သန်း ၁၇၀ နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်တွင် ပွင့်လင်းပြီး မျှတမှုရှိသော ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပြုခဲ့သည်။

ဟာစီနာ ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် စစ်တပ်အကြီးအကဲနေရာ ရရှိခဲ့ သည့် ဗိုလ်ချုပ်ကြီးဇာမန်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အချိန် ၁ နှစ်မှ ၁ နှစ်ခွဲအထိ ကြာမြင့်နိုင်၍ လူထုအနေဖြင့် စိတ်ရှည်ရန် တိုက်တွန်းခဲ့သည်။

"ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ဘယ်လောက် ကြာမလဲမေးရင် အချိန်အတိုင်းအတာ တစ်ခုအထိ ကြာမြင့်နိုင် မယ်လို့ပဲ ဖြေရမှာပါ" ဟု ဗိုလ်ချုပ်ကြီးဇာမန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ