CNI International News

ရောမ၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) က တောင်းဆိုခဲ့ပြီး ဗာတီကန် (Vatican) တွင် ခိုလှုံခွင့်ပေး ရန် ကမ်းလှမ်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မကြာသေးမီက အာရှတွင် ဂေဆပ်အသင်းအဖွဲ့ဝင်များ (Jesuits) နှင့် စကားပြောကြားချိန်တွင် ပုပ်ရဟန်းမင်းကြီး က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ရောမ (Rome) မှာ သူ့သားနဲ့ ကျနော် တွေ့ခဲ့ပါတယ်။ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ကျနော်တို့ ဗာတီကန်နယ်မြေထဲမှာ ခိုလှုံခွင့်ပေးမယ်လို့ ကျနော် ကမ်းလှမ်းခဲ့ပါ တယ်" ဟု ပုပ်ရဟန်းမင်းကြီးက မကြာသေးမီက သွားရောက်ခဲ့သည့် ၁၂ ရက်ကြာ အရှေ့တောင်အာရှ ခရီးစဉ် အတွင်း ပြောကြားခဲ့သည်။

အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက် ခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီးကို တွေ့ရစဉ်

ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံ သူများထဲတွင် ပါဝင်ခဲ့သည့် ရောမအခြေစိုက် ဂျေဆပ်အဖွဲ့ဝင် ခရစ်ယာန် ဘုန်းတော်ကြီး အန်တိုနီယို စပါဒါရို (Antonio Spadaro) က စက်တင်ဘာ ၂၄ ရက်နေ့ထုတ် အီတလီနေ့စဉ် သတင်းစာ Corriere della Sera ၏ ဆောင်းပါးတစ်ပုဒ်ထဲ၌ ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်များကို ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံ၏ အနာဂတ်သည် လူအားလုံး၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာ တည်ကြည်မှုအတွက် လေးစားမှု၊ အများနှင့်ဆိုင်သော ကောင်းကျိုးများကို ဖြစ်စေနိုင်သည့် ဒီမိုကရေစီ အခင်းအကျင်းကို လေးစားမှုအပေါ် အခြေခံပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း” ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကိုလွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

သူသည် နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ယူမှု၊ ဆက်သွယ်ရေးဥပဒေများကို ချိုးဖောက်မှု အပါအဝင် ပြစ်မှု အများအပြားဖြင့် ထောာင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရသည်။

ယခုနှစ် ဧပြီလတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းလဲ ထိန်းသိမ်း ခံခဲ့ရသည်။

Source: ဘန်ကောက်ပို့စ်