CNI International News

မင့်စ်၊ စက်တင်ဘာ ၂၅

ဘယ်လာရုစ်နိုင်ငံသို့ လာရောက်ရန် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်၊ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Aleksandr Lukashenko) က ဖိတ်ခေါ်ခဲ့ကြောင်း BelTA  သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဘယ်လာရုစ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့် စက်တင်ဘာ ၂၂ ရက်တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Aleksandr Lukashenko)က မြန်မာသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

"မကြာသေးမီ နှစ်များအတွင်း မိမိတို့သည် ကျယ်ပြောသည့် ကဏ္ဍအနှံ့အပြားတွင် အပြန်အလှန် အကျိုးရှိစေမည့် ဆက်ဆံရေးများကို နက်ရှိုင်းစေရန် ခိုင်မာသည့် အုတ်မြစ်တစ်ခုချခဲ့ကြောင်း၊ အကျိုးရှိသည့် ပူးပေါင်း အားထုတ် ကြိုးပမ်းမှု ပြုလုပ်ခြင်းဖြင့် ဘယ်လာရုဇ်နှင့် မြန်မာပြည်သူများ၏ အကျိုးကျေးဇူးအတွက် မိမိတို့ ပူးပေါင်း ဆောင်ရွက်မှု၏ မကုန်ခန်းနိုင်သည့် အရှိန်အဟုန်ကို ကောင်းမွန်စွာ နားလည် သဘောပေါက်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည့်မှုရှိကြောင်း" လူကာရှန်ကိုက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

အနာဂတ်အတွက် တိကျသည့် အစီအစဉ်များအပြင် အပြန်အလှန် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘယ်လာရုစ်နိုင်ငံသို့ လာရောက်ရန် ဝမ်းမြောက်ဝမ်းသာ ဖိတ်ကြား လိုကြောင်းလည်း လူကာရှန်ကိုက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင်ပါစေကြောင်းနှင့် မြန်မာပြည်သူ များ ငြိမ်ချမ်းပြီး ချမ်းသာသုခ ရရှိပါစေကြောင်း လူကာရှန်ကို ဆုမွန်ကောင်းတောင်းခဲ့သည်။

လူကာရှန်ကို၏ ဂုဏ်ပြုသဝဏ်လွှာနှင့်ပတ်သက်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ချက်ပြု ရာတွင် ပြီးခဲ့သည့် ၂၅ နှစ်အတွင်း နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားများနှင့် အပြန်အလှန် လေးစားမှုအပေါ် အခြေခံပြီး ခင်မင်ရင်းနှီးမှုကို ထူထောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း မိမိတို့နိုင်ငံများအကြား နယ်ပယ်ကဏ္ဍ အများအပြား၊ အထူးသဖြင့် ကာကွယ်ရေး၊ သံတမန်ရေးနှင့် ပညာရေးကဏ္ဍများတွင် ထိတွေ့ဆက်ဆံမှုများသည် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးကို ခိုင်မာစေခဲ့ကြောင်း ဂုဏ်ပြုစာလွှာတွင် ရေးသားဖော်ပြခဲ့သည်။

အနာဂတ်တွင် ဘယ်လာရုစ်နှင့် မြန်မာသည် နှစ်နိုင်ငံအကျိုးစီးပွား၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်အညီ နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် ပေါင်းစုံပါဝင်သည့် ပုံစံများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်နိုင်လိမ့်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျှော်လင့်ထား ကြောင်း BelTA  သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။

Source: BelTA