CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပ- အာရှ စီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်မည်ဖြစ်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌသည် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သလို စီးပွားရေးဖိုရမ်ကို တက်ရောက်မည်ဖြစ်သည်။ 

သို့သော် ဘယ်နေ့ကို သွားရောက်မည်ကိုတော့ အတိအကျ ထုတ်ပြန်ခြင်းမရှိသော်လည်း မကြာမီရက်ပိုင်းအတွင်း တရားဝင် ခရီးစဉ်စတင်မည်ဟု နစက,က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌသည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက် ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် သမ္မတလူကာရှန်ကိုနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ ဥရောပ- အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း စသဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့နောက် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ပြီးသည်နှင့် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့မှာ ကျင်းပသည့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သေးသလို ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ လုံခြုံရေး- စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသေးသည်။