CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက် ကျနော့်တို့နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ရှိပါတယ်။ လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် အတိအကျကို ထုတ်ပြန်ကြေညာခြင်းမရှိဟု ပြည်တွင်း/ပြည်ပမှာ မေးခွန်းထုတ်နေကြသည်။
ပုံစာ- ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထုတ်ပြန် ကြေညာခဲ့ သော်လည်း နိုင်ငံတစ်ဝန်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ကို ကျင့်သုံး၍ သာမန်မဟုတ်သော အခြေအနေဟုဆိုကာ အရေးပေါ် အခြေအနေ ကြေညာထားမှုကို ၆ လ သက်တမ်းတိုးလာခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။
လက်ရှိတွင် နစကသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါ အဝင် မြို့နယ် ၉၀ ကျော်ကို လက်လွတ်ထားရသည်။
အလားတူ မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့မှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစု များကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
တခြားတစ်ဖက်မှာလည်း နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး ကျင်းပနေသည့် လက်နက်ကိုင် အင်အားစု များ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန် ကြေညာထားသည်။