CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

တရုတ်သံအမတ် မစ္စတာချန်ဟိုင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဖြစ်၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့က နစကဥက္ကဋ္ဌအား လာရောက်တွေ့ဆုံစဉ် အထက်ပါ ကိစ္စများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ ကြသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင် ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို တရုတ်သံအမတ်နှင့် နစက ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် ကျောက်မဲ၊ နောင်ချိုတို့ရှိ မြန်မာ့တပ်မတော် စစ်စခန်းများကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDA A)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF) ၊ ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DPDF) တို့ပူးပေါင်း၍ တိုက်ခိုက်နေသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကိုင် စသည့် ဒေသများရှိ မြန်မာ့ တပ်မတော် စစ်စခန်းများကို TNLA၊ MDY-PDF၊ မတ္တရာဒေသရှိ PDF များ ပူးပေါင်း၍ တိုက်ခိုက်နေသည်။

တခြားတစ်ဖက်မှာတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်  သန်းခေါင်စာရင်း ကောက်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောကြား ထားသည်။

ထို့နောက် အတိုက်အခံ အင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ကြေညာ ထားသည်။