CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၉
ရွေးကောက်ပွဲ ကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်က ကျင်းပခဲ့သော နစကအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြော ကြားခဲ့ ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ် သဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ မူလရည်ရွယ်ချက်တွင်ပါသည့်အတိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “ရွေးကောက်ပွဲ ပြုလုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင် တရားမျှတသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း”ပြောသည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက် သည့် အပိုင်းများကို ထည့်သွင်းရေးသားထားကြောင်း၊ ဥပဒေများအား ချိန်ထိုးကြည့်ရာတွင် ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ ရွေးကောက်ပွဲကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်”ဟု ပြောသည်။
ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို သတ်မှတ်ထားပြီးကြောင်း၊ နီးကပ်ပါက ထုတ်ပြန်ကြေညာပေးမည်ဟု CNI သတင်းဌာနသို့ ပြောသည်။
နစကသည် အရေးပေါ် အခြေအနေ ကြေညာထားမှု သက်တမ်း ၆ လတိုးထားခြင်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ပြည့်ပြီးဖြစ်၍ ထိုနေ့တွင် ကာ/လုံ အစည်းအဝေး ကျင်းပပြီး ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျ ကို ကြေညာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။
နိုင်ငံရေးပါတီများကတော့ နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည်ဟု ခန့်မှန်းထားကြသည်။
တခြား တစ်ဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)တချို့ကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဟု ကြေညာထားသည်။
ထို့နောက် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ပြည်သူများ မဲမပေးဘဲ No Vote ဖြစ်လာမည်ကိုစိုးရိမ် နေကြသည်။