CNI News

၂၀၂၅၊ မေလ ၁၉

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ(PP)၏ နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒက ဘာလဲဆိုသည့်အပေါ် ပြည်သူလူထုများက သိရှိနိုင်ရေးအတွက် PP ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ချပြသွားခဲ့သည်။

ပြည်သူ့ပါတီအနေဖြင့် ဖက်ဒရယ်အား တိတိကျကျ ကျင့်သုံးနိုင်ရန် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းနေသလို ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေးဆိုင်ရာ ကျယ်ပြန့်သည့် ညီလာခံတစ်ခုဖြစ်ရန် သ‌ဘောထား ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်နက်ကိုင်ပဋိပက္ခ‌ ဖြေရှင်းဖို့ဆိုရင် အပိုင်းလိုက် ခွဲပြောရမယ်၊ တစ်ခုကတော့ တိုင်းရင်းသား တန်းတူညီမျှရေးကြောင့် ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ အဲဒါက ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးကို အာမခံနိုင်တဲ့ လက်တွေ့ကျတဲ့ သဘောတူညီမှုတွေ ရဖို့ လိုတယ်၊ အဲဒီအတွက် ကျနော်တို့ ပြည်သူ့ပါတီက ဖက်ဒရယ်ကို တိတိကျကျ ကျင့်သုံးနိုင်အောင် ဖွဲ့စည်းပုံပြင်ဆင် ရေး ကြိုးစားနေသလို ရွေးကောက်ပွဲ ပြီးသွားခဲ့ရင်တောင်မှ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေးဆိုင်ရာ ကျယ်ပြန်တဲ့ ညီလာခံတစ်ခု ဖြစ်ဖို့ဆိုတာကို ကျနော်တို့ သဘောထား ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်၊ အဲဒီတော့ နောက် တစ်ခုကတော့ ၂၀၂၁ ဒီနိုင်ငံရေး အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ လက်နက်ကိုင်အင်အားစု ပြဿနာ၊ အဲဒါက တော့ ဒီမိုကရေစီအရေးနဲ့ ဆိုင်တယ်လို့မြင်တယ်၊ အဲဒီတော့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်းပဲ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီကို အာမခံတဲ့ အပြန်အလှန် စစ်ဆေး ထိန်းကျောင်းနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာအောင် ကျနော်တို့ ကြိုးစားနေတာရှိပါတယ်၊ အဲဒီတော့ တရားဥပဒေစိုးမိုးမှု မရှိဘူး ဆိုရင် ဒီမိုကရေစီအမြစ်တွယ်ဖို့ မလွယ်ဘူး၊ လက်နက်ကိုင်ယဥ်ကျေးမှု ထွန်းကားလာရင် ဒီမိုကရေစီက ဝေးသထက် ဝေးလာနိုင်တယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာဖို့၊ လက်ရှိ ကျ‌နော်တို့ ဆွေးနွေးနိုင်တဲ့ အခြေအနေကနေ စပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဖို့ ကျ‌နော်တို့ ဒါတွေကို အဓိကတိုက်တွန်းနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူ့ပါတီက အများပြည်သူကို ရွှေရင်အေး အလှူလုပ်နေစဉ်

အတူယှဥ်တွဲ နေထိုင်ကြသည့် လူ့အဖွဲ့အစည်း တစ်ခုအတွင်း၌ ကြုံတွေ့လာသည့် ပြဿနာများအား ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ဖြစ်သည်။

ထို့နောက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်လာရာမှာလည်း ခိုင်မြဲသော သဘောတူညီချက်များ မရရှိဘဲ အကြိမ်ကြိမ် သဘောတူညီချက်များ ပျက်ပြား၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက် ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ စစ်ပြေးဒုက္ခသည် ၆ သန်း ကျော်ရှိကြောင်း ISP-Myanmar မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

သာမန်အခြေအနေ မဟုတ်သည့်အတွက် စီးပွားရေး လည်ပတ်မှုများသည်လည်း ပုံမှန်လည်ပတ်မှု မဟုတ် ကြောင်း၊ ဘဏ်စနစ်များ၊ ငွေကြေးစနစ်များ၊ ငွေကြေးလဲလှယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ဥပ‌ဒေ ကန့်သတ်ချက်များအား အကုန်လုံးကို ပြန်လည်သုံးသပ်ရန် လိုကြောင်းလည်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီး က CNI သတင်းဌာနသို့ ပြောသည်။

ပြည်သူ့ပါတီက ငလျင်ဘေးကြောင့် သွေးလိုအပ်သူများအတွက် စုပေါင်းသွေးလှူရန်စောင့်ဆိုင်းနေစဉ်

၎င်းက “အဓိက,ကတော့ သာမန်အခြေအနေ မဟုတ်တဲ့အတွက်ကြောင့် စီးပွားရေး လည်ပတ်မှုတွေကလည်း ဒါပုံမှန် လည်ပတ်မှု မဟုတ်ဘူး၊ အဲဒီတော့ နောက်ဆုံးပြောရရင် ကျနော်တို့နိုင်ငံမှာ အဓိက,က ကုန်ထုတ်လုပ်မှု၊ ကျ‌နော်တို့ရဲ့ ထွက်ကုန်အားနည်းတဲ့ အခါကျတော့ ပြည်ပဝင်ငွေ ရရှိမှုရော၊ နောက်တစ်ခါ ဒေါ်လာထိန်းချုပ်မှုရော အဲဒါတွေက ဒါသာမန်မဟုတ်တဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ကျ‌နော်တို့ ရင်ဆိုင်နေရတယ်၊ အဲဒီတော့ ဒါကြောင့်မို့လို့ စျေးကွက်စီးပွားရေးကို ပီပီပြင်ပြင် ပေါ်ထွန်းလာဖို့ဆိုရင် မလိုလားအပ်တဲ့ ကြိုးနီစနစ်တွေ၊ ပြီးတော့ ပွင့်လင်းမြင်သာမှုဖြစ်ဖို့ ကိစ္စတွေ၊ နောက်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတိုင်း တန်းတူညီတူ အခွင့်အရေးရရှိဖို့ ဒီလိုကိစ္စမျိုးတွေကို ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်၊ အဲဒီတော့ အထူးသဖြင့်ကတော့ ဘဏ်စနစ်တွေရော၊ ငွေကြေးစနစ်တွေရော၊ ငွေကြေးလဲလှယ်မှုတွေရော၊ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ဥပဒေ ကန့်သတ် ချက်တွေကို ဒါတွေ အကုန်လုံးကို ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်၊ နောက်တစ်ခါ နယ်မြေဒေသအလိုက် ထွက်ကုန် တွေ အားကောင်းလာဖို့ အတွက်ကိုလည်း ဖက်ဒရယ်လို့ ပြောတဲ့အခါမှာ နိုင်ငံ‌ရေးကိုပဲ ပြောနေတယ်၊ စီးပွားရေး ကုန်ထုတ်လုပ်မှု ကိစ္စတွေကိုပါ ဖက်ဒရယ်ပုံစံမျိုးပေါ့နော်၊ ဒေသအသီးသီးမှာ လွတ်လွတ်လပ်လပ်နဲ့ တိုးတက်လာ ဖို့ ကိစ္စတွေကို ကျနော်တို့ အားပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုမရှိဘဲ ၁ ရာခိုင်နှုန်း လျော့ကျသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ထို့ပြင် စိုက်ပျိုးရေးထွက်ကုန် လျော့ကြလာခြင်း၊ ကုန်စျေးနှုန်းများ မြင့်တက်လာခြင်း၊ ချေးငွေရရှိနိုင်မှု နည်းပါး လာခြင်းနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ‌ဖွံ့ဖြိုးတိုးတက်နိုင်ချေအား အဟန့်အတားဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ များအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟုလည်း ပြောကြားထားသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ မူဝါဒများကို ပြည်သူလူထုက လေ့လာကာ မဲပေးသင့် မပေးသင့် စဉ်းစားလာနေကြသည်။