CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၉

နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုသည်မှာ အစိုးရ မည်သူပဲ ပြောင်းသွားသွား မူဝါဒအားဖြင့် လုပ်သင့် လုပ်ထိုက်သည့် ကိစ္စများက တစ်သတ်မှတ်ထဲ ဖြစ်ရန်လိုကြောင်း ပြည်သူ့ပါတီ(PP)မှ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ အစိုးရများသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို ဖော်ဆောင်ရာတွင် ရှေ့အစိုးရလုပ်သွားသည့် ကိစ္စဖြစ်၍ နောက်တက်လာသော အစိုးရက ဖျက်သိမ်းခြင်း၊ ဆိုင်ငံ့ခြင်း၊ ပြန်လည် ဆွေးနွေးမှု အသစ်များ ပြုလုပ်ခြင်းများရှိသည်။

ထိုလုပ်ရပ်အပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများက မကြိုက်နှစ်သက်ကြသလို အယုံအကြည် ကင်းမဲ့မှုများ ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန်ရှောင်လာကြသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရက နိုင်ငံတော်ငြိမ်းချမ်းရေးအား အစိုးရမည်သူပဲ ပြောင်းပြောင်း မူဝါဒအားဖြင့် တစ်သတ်မှတ်ထဲထားရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဓိက,ကတော့ မကြာခင်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်ဆိုတော့ ကျင်းပလို့ နိုင်ငံရေး အခင်း အကျင်းအသစ် ပေါ်လာတဲ့အခါမှာ အဲဒီရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်အစိုးရ အနေနဲ့ ဒီနိုင်ငံ တော်ရဲ့ ငြိမ်းချမ်းရေး ကိစ္စဆိုတာက အစိုးရဘယ်သူပဲ ပြောင်းသွားသွား သူက မူဝါဒအားဖြင့် နောက် လုပ်သင့် လုပ်ထိုက်တဲ့ ဟာတွေက တစ်သတ်မှတ်ထဲ ဖြစ်ဖို့တော့ လိုတယ်ဆိုတော့ အခုလုပ်နေတဲ့ဟာတွေက ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါကြတော့ ကိုယ့်သဘောနဲ့ကိုယ် နောက်တစ်မျိုးတွေ လုပ်ရင် သူက အဆက်အစပ် သိပ်မရှိဘူး။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒီကနေ အကြံပြုချက်တွေ ဆွေးနွေး ချက်တွေကို စုစည်းထားတယ်ဆိုတာက ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းအတွက်က ဆက်ပြီးတော့ သယ်ဆောင်နိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဦးသန်းရွှေ ဦးဆောင်သော အစိုးရလက်ထက်က တရုတ်နှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဆန့်ကျင်ကွန့်ကွက်မှုများကြောင့် ယာယီရပ် ဆိုင်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်အတူ ရွေးကောက်တင်မြှောက်ခံရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာသည့် အခါမှာလည်း မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ခြင်း မရှိခဲ့သလို လက်ရှိ တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်နေချိန်မှာလည်း မြစ်ဆုံ စီမံကိန်း ပြန်မစတင်နိုင်ဘဲ ရပ်ထားရသည်။ 

ငြိမ်းချမ်းရေးသည် ထိပ်တန်း ဦးစားပေး အနေဖြင့် ရှိနေမှာဖြစ်ပြီး ယခု လက်နက်ကိုင်ပဋိပက္ခ ဖြတ်သန်းမှုတွင် အမြင့်ဆုံး အခြေအနေဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျနော်တို့ အဓိက,ကတော့ ဒါငြိမ်းချမ်းရေးမှာ ထိပ်တန်းဦးစားပေး ကိစ္စအဖြစ်နဲ့ ဆက်ရှိနေလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ အဲတော့ ဘာကြောင့်ဆိုတော့ ဒီလက်နက်ကိုင် ပဋိပက္ခက ပြောရရင် ကျနော်တို့ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာက အမြင့်ဆုံး အခြေနေတစ်ခုကို ရောက်လာခဲ့တယ်။ ရောက်လာခဲ့တော့ လက်ရှိ အစိုးရလက်ထက်မှာ တက်နိုင်သလောက် ဆောင်ရွက်နေတာတွေ ရှိပေမယ့်လို့ နောက်အစိုးရ လက်ထက်မှာ ဆက်ပြီးတော့ ဒါတွေကို အရှိန်အဟုန်မြင့်ဖို့ အားကောင်းအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ မြို့နယ် ၁၀၀ မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လက် ကျင်းပ မည်ဖြစ်သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တော် ခေါ်မည်ဖြစ်ပြီး မတ်လ၌ အစိုးရသစ်ကို ဖွဲ့စည်းကြမည်ဖြစ်သည်။