CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈

ရွေးကောက်ပွဲတွင် ဦးဆောင်၍ အစိုးရဖွဲ့နိုင်သူ မည်သူပဲဖြစ်ဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုးဖြစ်ရန် လိုကြောင်း ပြည်သူ့ပါတီ( PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၌ မည်ကဲ့သို့ စုဖွဲ့မှု အစိုးရပုံစံမျိုး တက်လာနိုင်သလဲဆိုသည့်အပေါ် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ဦးကိုကိုကြီးက “အခုကတော့လေ ရွေးကောက်ပွဲ မကျင်းပရသေးတော့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှကြိုပြီးတော့ ပြောလို့မရဘူးပေါ့၊ အဲ့တော့ ပြိုင်တာကတော့ ပြိုင်ကြတာပေါ့။ သို့သော် ဦးဆောင် ပြီး အစိုးရဖွဲ့နိုင်တဲ့ သူ‌တွေက ဘယ်သူပဲဖြစ်ဖြစ်ပါ။ ကျနော် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း ဒီအယူ အဆပဲ ပြောခဲ့တယ်။ အဲ့တော့ ဒီအမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုးဖြစ်ဖို့လိုတယ်၊ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားတွေ ပါဝင်ပြီးတော့ ပူးပေါင်းခြင်းအားဖြင့် ပြဿနာတွေကို စုပေါင်းဖြေရှင်းကြတယ်ဆိုတဲ့ ပုံရိပ်ပေါ့ နော်။ အဲ့ဒီဟာ ပေါ်လာဖို့ လိုတယ်လို့ ကျနော် အဲ့လိုပဲမြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

အစိုးရတစ်ခု၏ပုံစံ သို့မဟုတ် နိုင်ငံတော်ကို အုပ်ချုပ်သည့် ပုံစံဟူသည် ပြည်ထောင်စု နိုင်ငံတော်တစ်ခု၏ အစိုးရ က ၎င်း၏အာဏာကို လွှတ်တော်တွင်း နိုင်ငံရေး အကောင်အထည် ဖော်သူများအပေါ် လွှမ်းခြုံနိုင်စေရန် ပြင်ဆင် ထားသည့် နိုင်ငံရေးပြဋ္ဌာန်းချက် ပုံစံကို ရည်ညွှန်းသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ် 

လာမည့် ရွေးကောက်ပွဲတွင် လူထုကို မျက်နှာမူသည့် အစိုးရဖြစ်ရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းပြည်သည် ညီညွတ်မှု လျော့နေသည့်အတွက် လက်ရှိ အခြေအနေမျိုး ဖြစ်နေရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော် CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,ကတော့ လူထုကို မျက်နှာမူရမှာပေါ့၊ လူထုကို မျက်နှာမူတဲ့ လွှတ်တော်ကြီးဖြစ်ရမယ်။ လူထုကို မျက်နှာမူတဲ့ အစိုးရဖြစ်ရမယ်ပေါ့။ တကယ်ကို အပြောင်းအလဲတွေ ဒီဘက် တကယ်ကို သိသာထင်ရှားတဲ့ ကောင်းမွန်သော ရလဒ်တွေကို ဆောင်ကျဉ်းပေးနိုင်မယ့် အစိုးရအဖွဲ့အစည်းတော့ ဖြစ်ဖို့လိုတာပေါ့။ အစိုးရ တစ်ရပ်မှ မဟုတ်ဘူး၊ ဒီ တိုင်းရင်းသားပြည်သူတွေ အကုန်လုံးပေါ့၊ လူမျိုးစုံ၊ ဘာသာစုံ ဒီလိုရှိနေတဲ့ အနေအထား မှာ အားလုံးက သဟဇာတဖြစ်ပြီး ညီညီညွတ်ညွတ်ဖြစ်ဖို့က အင်မတန် အရေးကြီးတယ်။ ကျနော်တို့ တိုင်းပြည်က ညီညွတ်မှု လျော့နေတဲ့အတွက်ကြောင့် လက်ရှိ အခြေအနေမျိုး ဖြစ်နေတာ။ အဲ့ဒီအတွက်ကြောင့် အားလုံး တစ်ယောက်နဲ့တစ်ယောက်နဲ့ အငြင်းပွား နေတဲ့ဟာတွေ ရပ်တန့်သွားနိုင်တဲ့ အားလုံးပါဝင်သော အစိုးရတစ်ရပ် ဖြစ်တယ်ဆိုရင်တော့ သိပ်လှပတဲ့ ခရီးစဉ်မျိုး ဖြစ်မှာ”ဟု ပြောသည်။

မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းလာမည့် အစိုးရသစ်ကို တပ်မတော်နှင့် USDP က ဦးဆောင်လာ မည် ဖြစ်ကြောင်း၊ သို့သော် တခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကိုလည်း နေရာ ပေး ဖွဲ့စည်းခြင်းဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားရန် အထောက်အကူဖြစ်မည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၌ မည်ကဲ့သို့ စုဖွဲ့မှု အစိုးရပုံစံမျိုး တက်လာနိုင်သလဲဆိုခြင်းက ပြည်သူများက မည်သို့အပ်နှင်းမည်ဆို သည့်အပေါ်တွင် အခြေခံလိမ့်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ် 

၎င်းက “ရွေးချယ်ပေးလိုက်တဲ့ ပြည်သူတွေကနေပြီးတော့ ဘယ်လို အပ်နှင်းမယ်ဆိုတဲ့ အပေါ်မှာ အခြေခံလိမ့် မယ်လို့ မြင်တယ်။ ပြည်သူကနေပြီးတော့ တစ်ပါတီထဲကိုပဲ စုပြုံပြီးတော့ ပေးလိုက်မလား၊ အချိုးချပြီးတော့ ပေးလိုက် မလားဆိုတဲ့အပေါ်မှာ  အခြေခံပြီးတော့သာလျှင် ပေါ်ပေါက်လာမဲ့ အစိုးရဟာလည်းပဲ ဒါသူ့ရဲ့ သတ်မှတ် ချက်ဖြစ်ပါတယ်၊ ဖြစ်သင့်ဖြစ်အပ်တဲ့ အနေအထားတွေကတော့ များစွာရှိပါတယ်။ ဒါပေမယ့်လို့  ဒီလုပ်ပိုင်ခွင့် အာဏာ ပေးတာသည် ပြည်သူက ဖြစ်တဲ့အတွက် ပြည်သူသာလျှင် အဓိကလို့ပဲ ပြောချင်ပါတယ်။ ထိုင်ခုံပေါ်မှာ မူတည်ပါလိမ့်မယ်၊ ရလာတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့  Foot ပေါ်မှာ မူတည်လိမ့်မယ် ဟို ဖြစ်သင့်ခြင်း မဖြစ် သင့်ခြင်းကတော့ လက်ရှိ အနေအထားတွေပေါ်မှာ အခြေတည်ပြီးတော့ပဲ နောင်ဖြစ်လာမယ့် အနာဂတ်ပေါ်မှာ စဥ်းစားရမဲ့ကိစ္စတွေ ဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြည်တွင်း/ပြည်ပ သံတမန်များကတော့ မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည်အမည်ခံ သက်သက်သာဖြစ်ပြီး မည်သည့် ရလဒ်ထွက်လာပါစေ တပ်မတော်က ဦးဆောင်သည့် အစိုးရပုံစံ တစ်ရပ်သာ ထွက်လာမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အတွက်ဆိုလျှင် လာမည့်အစိုးရသစ်သည် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။