CNI News

၂၀၂၅ ခုနှစ်၊ မေလ ၁၅

ရွေးကောက်ပွဲကျင်းပခြင်းသည် ကာ/လုံမှ အာဏာလွှဲအပ်သည့် ရွေးကောက်ပွဲကော်မရှင်ကသာ ဆောင်ရွက်၍ ရသည့်အတွက် နစကအနေဖြင့် ၆ လသက်တမ်းတိုးမည်ဆိုပါက ရွေးကောက်ပွဲမဖြစ်ဘူးဆိုသည့် သဘောဖြစ် ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲအား ယခုနှစ်(၂၀၂၅ ခုနှစ်)ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ထောက်ခံမှုများ လည်း ရရှိထားကြောင်း၊ ရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုး‌ပေးစေလိုကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားခရီးစဉ် ကအပြန် ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်တွင် မီဒီယာများသို့ ပြောထားသည်။

ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ယခု ၆ လ သက်တမ်းပြည့်သည့် အချိန်တွင် နစကအနေဖြင့် သက်တမ်း ထပ်မတိုးဘဲ ကာ/လုံအား အာဏာလွှဲရမည်ဖြစ်ကြောင်း သို့မဟုတ် သက်တမ်းတိုးမည်ဆိုပါက ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ မဖြစ်ဘူးဆိုသည့် သဘောဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဇင်ဘာမှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ဆိုရင် အခု ၆ လ သက်တမ်းပြည့်တဲ့ အချိန်မှာ ထပ်မတိုးတော့ဘဲနဲ့ ကာ/လုံကို လွှဲရမယ်၊ ကာ/လုံကိုလွှဲမှ ကာ/လုံက ၆ လ အတောအတွင်းမှာဆိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်မှာ ရွေးကောက်ပွဲ ကျင်းပရမယ်၊ ဒါကြောင့်မို့လို့ အခုလာမယ့် ဇူလိုင် ၃၁ ရက်ပေါ့၊ အဲဒီဟာမှာ ကာ/လုံကို လွှဲပြီဆိုရင်တော့ ပိုပြီးသေချာ သွားပြီပေါ့နော်၊ ခိုင်လုံသွားပြီပေါ့။ ဇူလိုင် ၃၁ ရက်နေ့မှာကတော့ ကာ/လုံကို လွှဲအပ် လိမ့်မယ်လို့ ခန့်မှန်းပါတယ်၊ သက်တမ်းတိုးပြီဆိုရင်တော့ အခုကျနော်တို့ ဘယ်လာရုစ်မှာ ပြောထားတဲ့အတိုင်း ဒီဇင်ဘာမှာ မလုပ်နိုင်တော့ဘူးဆိုတဲ့ သဘောသက်ရောက်တယ်၊ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ကျင်းပ တာသည် နစက,က လုပ်လို့မရဘူး၊ အဲဒီတော့ ကာ/လုံ ကနေပြီးတော့ လွှဲအပ်တဲ့ အစိုးရ၊ ရွေးကောက်ပွဲကော်မရှင် ကသာလျှင် ဆောင်ရွက်လို့ရတာ ဖြစ်တဲ့အတွက်ကြောင့် သက်တမ်းတိုးပြီဆိုရင်တော့ ရွေးကောက်ပွဲ မဖြစ်ဘူးဆို တဲ့ သဘောပဲ၊ ဒီဇင်ဘာမှာ မဖြစ်ဘူးဆိုတဲ့သဘောပဲ၊ အဲဒီလို သက်တမ်းတိုး လိမ့်မယ်လို့ ကျနော်တော့ မမြင်ပါ ဘူး” ဟု ပြောသည်။

ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ် 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။

နစကအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ (၇)ကြိမ်မြောက် ၆ လ သက်တမ်းထပ်မံတိုးခဲ့သည်။

နစကအနေဖြင့် ကာ/လုံအား အာဏာအပ်ပြီး ကာ/လုံမှ နာမည်တစ်ခုပြောင်းကာ ရွေးကောက်ပွဲ ကျင်းပမည်လား သို့မဟုတ် အခွင့်အာဏာကို နစကအား ပြန်လည်အပ်နင်း၍ ရွေးကောက်ပွဲ ကျင်းပခွင့် ပြုမည်လားဆိုခြင်းကို စောင့်ကြည့်ရမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နောက် ၆ လဆိုတဲ့ အခါကျတော့ ကျနော်တို့က ဇူလိုင် ၃၁ ပေါ့နော်၊ ဇူလိုင် ၃၁ မှာ သက်တမ်း ထပ်တိုး ရမှာပေါ့။ သက်တမ်းမတိုးရင် ရွေး‌ကောက်ပွဲလုပ်မယ် ဆိုလို့ရှိရင် အခြေခံဥပဒေထဲမှာပါတဲ့ အတိုင်းကတော့ ဒါကာ/လုံကို အာဏာပြန်အပ်ရမယ်ပေါ့လေ၊ ကာ/လုံကိုပြန်လွှဲ ကာ/လုံကနေမှ ရွေးကောက်ပွဲကို ဦးစီး ကျင်းပ ရမယ်ဆိုတော့ ကာ/လုံအနေနဲ့လည်း နာမည်တော့ ပြောင်းသွားမယ်လို့တော့ ကျနော်တော့ မြင်ပါတယ်၊ ဥပမာ နစက,ကနေ နာမည်တစ်ခုခု ပြောင်းပေါ့နော်၊ အဲဒီလိုမျိုး ပုံစံမျိုးနဲ့လုပ်မလား သို့တည်းမဟုတ် ကာ/လုံကနေပဲ ဆက်ပြီးယူပါ၊ ရွေးကောက်ပွဲကိုလည်း နစကအနေနဲ့ အကောင်းမွန်ဆုံး လုပ်ဆောင်ပေးပါဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ထည့် ပေးလိုက်တယ်၊ ဒါသည် ကာ/လုံရဲ့ လုပ်ပိုင်ခွင့်ပဲလေ၊ ကာ/လုံရဲ့ လုပ်ပိုင်ခွင့်ပဲဆိုတော့ ကာ/လုံအနေနဲ့ ဘယ်လို လုပ်မလဲ ဆိုတာကတော့ ၇ လပိုင်း ၃၁ ရက်နေ့ကျရင်တော့ သိရမှာပေါ့၊ ၇ လပိုင်း ၃၁ ရက်နေ့မှ အဲဒီ အစည်းအ‌ဝေး ပြန်ခေါ်ပြီးတော့မှ ဒီလိုပြန်အပ်ပြီးတော့မှ ကာ/လုံအနေနဲ့ နာမည်တစ်ခု ပြောင်းပြီးလုပ်မလား သို့တည်းမဟုတ် အခွင့်အာဏာကို နစကဆီပဲ ပြန်ပေးပြီးတော့မှ ဒီဟာကို ကျင်းပခွင့်ပြုပါတယ်ဆိုတဲ့ဟာမျိုး လုပ်မလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။ 

နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

နစကသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဟု ပြောကြားခဲ့သော်လည်း သာမန် အခြေအနေ မဟုတ်သည့်အတွက်ဆိုကာ အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးလာခဲ့ရာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိပင်ဖြစ်သည်။

ထို့ပြင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟုလည်း ပြောကြားထားသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးခြင်း ပြည့်ပြီးဖြစ်၍ သက်တမ်း တိုး/မတိုးကိုကြည့်ကာ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအား ခန့်မှန်းနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန်ထားသည်။