CNI News

၂၀၂၅ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) များ၏ ရရှိထားသည့် အနေအထားများ မပျက်ယွင်းလျှင် နစကကျင်းပမည့် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည့်သဘော မတွေ့ရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်( နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ်ပေါင်း ၉၀ ကျော်ကို လက်လွတ်ထားရသည်။

နစကသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်  စိန်ခေါ်မှုများ ရှိနေသးသည့်အပြင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် ဖွဲ့စည်းပုံနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ၆ လ သက်တမ်း ထပ်မံတိုးမြှင့်ထားသည်။

မြောက်ပိုင်းလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ပြည်တွင်းမှာ လက်နက်ကိုင်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကတော့ မိမိတို့ရဲ့ လက်ရှိ ရထားတဲ့ အနေအထား မပျက်ယွင်းရင် ရွေးကောက်ပွဲကို ထိထိရောက်ရောက်ကြီး ဆန့်ကျင်မယ့်သဘာ မတွေ့ပါ ဘူး။ ဥပမာ ကချင်၊ ချင်း၊ ရှမ်းပြည်က အဖွဲ့တွေပေါ့ “ဝ” တို့၊ ပလောင်တို့၊ ကိုးကန့်တို့၊ မိုင်းလားတို့ ဒီအဖွဲ့တွေ ကတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို ပုံစံတစ်မျိုးနဲ့ ကြားထားလည်းရပါတယ်။ ရွေးကောက်ပွဲ အနေအထားကို ကြားထားပြီးတော့ ပြင်းပြင်းထန်ထန်ကြီး ဖျက်ဆီးသွားမယ်၊ ကန့်ကွက်သွားမယ်တော့ ရှိမယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာဥပဒေအရ ရွေးကောက်ပွဲပုံစံ အမျိုးမျိုး ရှိသော်လည်းပဲ ဒါကို ဆန့်ကျင်တယ်၊ ဖျက်ဆီးတယ်၊ ကန့်ကွက်တယ်ဆိုရင် နိုင်ငံတကာကလည်း ကြိုက်နှစ်သက်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်သွားမယ် (ရွေးကောက်ပွဲ) ယူဆတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း နစကဥက္ကဋ္ဌမှ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထပ်တလဲ ပြောဆို ကတိပြုထားသည့်အလျောက် ကျင်းပနိုင်မှု ရှိ/မရှိကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များမှ စောင့်ကြည့်အကဲခတ် နေကြသည်။

နစကဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကို ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောကြားခဲ့ဖူးသော်လည်း ယနေ့ အချိန်ထိ ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ အရေးပေါ် ကာလ ၆ လသက်တမ်းကိုသာ အကြိမ်ကြိမ် တိုးမြှင့်လာခဲ့၍ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော ကတိစကားကိုလည်း အားလုံးက သတိထားစောင့်ကြည့်နေ ကြသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်

လက်ရှိတွင် နယ်မြေ မတည်ငြိမ်မှုများနှင့် လုံခြုံရေး အခြေအနေများကြောင့် နိုင်ငံရေးပါတီများအနေဖြင့် လူထု စည်းရုံးရေး လုပ်ငန်းများကိုလည်း မလုပ်ဆောင်နိုင်ကြ၍ ပုံပျက်ပန်းပျက်ဖြစ်သည့် အနေအထားဖြစ်သည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးမျိုးကျော်က “ရွေးကောက်ပွဲကျင်းပဖို့ သူ့လူနဲ့သူ ကော်မရှင်ဖွဲ့တယ်၊ ပါတီတွေကို register လုပ်ခိုင်းတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ပါတီတွေစုဖွဲ့မှု၊ စည်းရုံးမှုကအစ နိုင်ငံရေးပါတီရဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော် ဖို့တောင် ခက်ခက်ခဲခဲ ရှိနေကြတယ်။ စည်းရုံးလို့မရဘူး၊ လူတွေစုလို့မရဘူး၊ လူတွေ လမ်းထွက်လို့မရဘူး။ တာဝန်  ရှိတဲ့ ပါတီလူကြီးတွေတောင်မှ လက်နက်ကိုင်ဆောင်ထားပြီး စည်းရုံးရမယ်ဆိုတဲ့ အနေအထားမျိုး ရောက်နေ တယ်။ ဒီဟာကြီးက ပုံပျက်ပန်းပျက် ဖြစ်တာပေါ့။ ပုံမလာတဲ့ ရွေးကောက်ပွဲကို ပုံဖော်မယ်ဆိုတဲ့ အနေအထား မျိုးလို့ မြင်တယ်” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်၌ လွှတ်တော်(၃)ရပ်အတွက် ရွေးကောက်တင်မြှောက် မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဟု ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့ သည်။

နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ကာ မဲဆွယ်စည်းရုံးမှု များ ဆောင်ရွက်နိုင်ရန် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေး လိုအပ်မည်ဖြစ်၍ နိုင်ငံတော်အပိုင်းမှ ရွေးကောက် ပွဲ အောင်မြင်မှု ရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ရမည်များကို စနစ်တကျတွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟု ၎င်းက ပြောသည်။