CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များအတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေးအတွက် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိရန် လိုအပ်မည်”ဟု ပြောသည်။

နိုင်ငံရေးပါတီများ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဆိုသည်မှာ မည်သည့် ကိစ္စရပ်များကို ဆိုလိုကြောင်း တိတိကျကျ ပြောကြားသွားခြင်းမရှိပေ။

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို တွေ့ရစဉ်

ထို့နောက် နိုင်ငံတော်အပိုင်းမှ ရွေးကောက်ပွဲ အောင်မြင်မှုရှိစေရေး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စနစ် တကျတွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထား ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် ရွေးကောက်တင်မြှောက်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသလို မြို့ကြီးများတွင် တရားဥပဒေစိုးမိုးမှု အားနည်းပြီ တည်ငြိမ်မှုပျက်ပြားနေသည်။