CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၅

လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်က အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း” ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကို အစောဆုံး ထား၍ ကျင်းပသွားရန် စီစဉ်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေပြီး သမ္မတလူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ် သမ္မတ လူကာရှန်ကို,ကို တွေ့ရစဉ်

သို့သော် ပြည်တွင်း/ပြည်ပ သံတမန်များကြားမှာတော့ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ နည်းပါး ကြောင်းနှင့် အစောဆုံးဆိုခြင်းကြောင့် နောက်အကျဆုံး အခြေအနေရှိနေနိုင်သေးသလားဟု ထောက်ပြလျက်ရှိ သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ မတ်လထိ ရောက်ရှိလာသည့်တိုင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိသေးပေ။

နစကနှင့် နီးစပ်သူများကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေး‌ကောက်ပွဲကို ကျင်းပသွားရန် ဆန္ဒရှိ နေကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီ သို့မဟုတ် မေလတွင် အာဏာလွှဲပြောင်းရေး ဖြစ်လာနိုင်ကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ ပေးပို့သော သဝဏ်လွှာပါ ပြောကြားချက်ကိုတွေ့ရစဉ် 

လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း မှုရှိရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍လည်း ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊  ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့်လက်နက်ကိုင် အင်အားစု များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော် လက်လွတ်ဆုံးရှုံးထားရသည်။

ထို့နောက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိနေပြီး နေအိမ် အပါအဝင် အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခံထားရသည်။