CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၁ 

သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၃၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

မဲစာရင်း အချက်အလက်များ မှန်ကန်မှုရှိစေရေး လာမည့် အောက်တို့ဘာလတွင် လူဦးရေနှင့် အိမ် အကြာင်း အရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပဲခူးတိုင်းဒေသကြီး အတွင်း ရာနှုန်းပြည့် ကောက်ယူနိုင် ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရွေးကောက်ပွဲကို စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေး ကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် အစည်းအဝေး အထမြောက်စေရေး၊ သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ဖြစ်စေရေးနှင့် သတ်မှတ် ကိုယ်စားလှယ်များ ရွေးချယ်တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရမည်”ဟု ပြောသည်။

အဆိုပါ လွှတ်တော်များတွင် သက်ဆိုင်ရာဒေသအလိုက် ပါဝင်သင့်သူများ ပါဝင်မှသာ လွှတ်တော်အတွင်း ကိုယ်စားပြုမှုများမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နစကသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီ ၅၀ ကျော်ကို ပါတီမှတ်ပုံတင်ခွင့် ပြုထားသည်။

ထို့နောက် ရခိုင်ပြည်နယ်တွင် အားကောင်းသည့် ရခိုင်အမျိုးသားပါတီ(ANP)ကိုတော့ ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ထားသည်။

အလားတူ နိုင်ငံတစ်ဝန်း အားကောင်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ရှမ်းပြည်နယ်တွင် အား ကောင်းသော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့သည် ပါတီမှတ်ပုံတင် ပြန်မတင်ဘဲ ရပ်တည် လျက်ရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နစက ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ပံ့ကူညီပေးသွားမည် ဖြစ်  ကြောင်း၊ ရွေးကောက်ပွဲတွင် အားလုံးပါဝင်စေလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သြဂုတ် ၁၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။