CNI International News

မနီလာ၊ ဩဂုတ် ၃၁

ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့သည် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး အပါအဝင် ကာကွယ်ရေးနှင့် စစ်ဘက်ဆက်ဆံရေးများကိုလည်း တိုးမြှင့်ရန် ဩဂုတ် ၃၀ ရက်က သဘောတူခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နှင့် ဗီယက်နမ်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လှုပ်ရှားမှုများနှင့် ကာလကြာရှည် ရင်ဆိုင် နေရချိန်၌ ယခုကဲ့သို့ ကြီးမားသည့် စစ်ဘက်ဆက်ဆံရေးများ တိုးမြှင့်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂျီအန် (Phan Van Giang) သည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) ၏ ဖိတ်ကြားချက်ဖြင့် ဖိလစ်ပိုင်သို့ ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။

ထို့နောက် မနီလာ (Manila) မြို့တော်တွင် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂျီလ်ဘာတို တီအိုဒိုရို (Gilberto Teodoro) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

"နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေဟာ အလွှာပေါင်းစုံ ထိတွေ့ဆက်ဆံမှုတွေကတစ်ဆင့် ကာကွယ်ရေးနဲ့ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ ကတိပြုခဲ့ကြပါတယ်" ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်နဲ့ဗီယက်နမ် ကာကွယ်ရေး၀န်ကြီးများကိုတွေ့ရစဉ်

နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ယခုနှစ်မကုန်မီ ချုပ်ဆိုရန် မျှော်မှန်းထားကြောင်း တီအိုဒိုရိုက ဂျီအန်နှင့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေး၊ ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်စွာ ရေကြောင်း သွားလာမှု အခြေအနေကို ထိန်းသိမ်းခြင်း၏ အရေးကြီးပုံကိုလည်း နှစ်နိုင်ငံစလုံးက သဘောထားခြင်း ဖလှယ်ခဲ့ ကြသည်ဟု ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဂျီအန်က ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများအကြား ဆက်တိုက်ဆိုသလို ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်လာမှုနှင့်အတူ တင်းမာမှု မြင့်တက်လာနိုင်ခြေနှင့်ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်နေချိန်တွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်၏ အစည်းအဝေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ဟာ ဘုံခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်မှာ စည်းလုံးညီညွတ်တဲ့ အာဆီယံစိတ်ဓာတ်နဲ့အတူ စိန်ခေါ်မှု တွေကို အတူတကွ ရင်ဆိုင်သွားမှာဖြစ်ပါတယ်" ဟု တီအိုဒိုရိုက တရုတ်ကို တိုက်ရိုက် အမည်တပ်ခြင်းမရှိဘဲ ပြောကြားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ ရေပြင်နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖိလစ်ပိုင်နှင့် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံအချို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

Source: ရိုက်တာ