CNI International News

ဒါကာ၊ ဩဂုတ် ၃၁

ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့များအကြား အသုံးပြုနေသည့် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော လက်နက်များ၏ အရည်အသွေး ညံ့ဖျင်းမှုနှင့်ပတ်သက်ပြီး မကြာသေးမီက သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုအရေးသည် ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးကို ထိခိုက်နစ်နာစေပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ အသင့် အနေအထားရှိမှုအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်လာခဲ့ကြောင်း Asia Times မှ ဖော်ပြခဲ့သည်။

တရုတ်၏ စစ်လက်နက်ပစ္စည်းများအပေါ် မယုံကြည်ရကြောင်း ဖော်ပြခဲ့သည့် သတင်းများသည် ဘင်္ဂလားဒေ့ရှ် စစ်တပ်(AFB)ကို အဆင့်မြှင့်တင်ရန် အားထုတ်ကြိုးပမ်းမှုများအတွက် စိုးရိမ်စရာကောင်းသော  အကျိုး သက်ရောက်မှုများ ရှိလာနိုင်သည်။

ထို့ကြောင့် ဘင်္ဂလာဒေ့ရှ် စစ်တပ်အနေဖြင့် တရုတ်လက်နက်များအပေါ် အလွန်အမင်း မှီခိုအားထားနေမှုကို အလေးအနက် ဆင်ခြင်စဉ်းစားသင့်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်က ယူကရိန်းကို ထောက်ပံ့တဲ့လက်နက်ခဲယမ်းတွေကိုတွေ့ရစဉ်

ထို့ပြင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်း၏စစ်တပ်ကို အဆင့်မြှင့်တင်ရန် Forces Goal 2030 အမည်ရှိ အစီအစဉ်ကို အကောင်အထည်ဖော်ရန် မတူကွဲပြားသည့် နိုင်ငံများမှ ကာကွယ်ရေးပစ္စည်းများအား တင်သွင်းရန် စဉ်းစားသင့် ကြောင်းလည်း အကြံပြုချက်များ ထွက်ပေါ်နေသည်။

မကြာသေးမီက ဘင်္ဂလားဒေ့ရှ်တွင် အာဏာရှင် ရှိတ်ဟာစီနာ (Sheikh Hasina) ၏ အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ ပြီးနောက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါက်တာမိုဟာမက်ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့သည် အခြားနိုင်ငံများမှ လက်နက်များ ဝယ်ယူတင်သွင်းမှုအတွက် လိုအပ်ချက်ကို အဓိက ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်၏ မူဝါဒ ချမှတ်သူများသည် တရုတ်ထံမှ လက်နက်များကိုသာ ဝယ်ယူခြင်းထက် အခြား နိုင်ငံများမှ လက်နက်များကို ဝယ်ယူမည့် အစီအစဉ်များအား ချမှတ်လုပ်ဆောင်ရမည်ဖြစ်သည်။ 

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် တူရကီနိုင်ငံများကဲ့သို့ မဟာမိတ်နိုင်ငံများထံမှ လက်နက်များ ဝယ်ယူ တင်သွင်းရန် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်လျက်ရှိသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများကဲ့သို့ ရင်းနှီးသည့် အနောက်နိုင်ငံများထံမှ လက်နက်များကိုလည်း ဝယ်ယူတင်သွင်းရန် လုပ်ဆောင်သင့်သည်။

ဘင်္ဂလားဒေ့ရှ်စစ်သားကို တွေ့ရစဉ်

အလားတူ တောင်ကိုရီးယားနှင့်ဂျပန်တို့ကဲ့သို့ စီးပွားရေးနှင့် နိုင်ငံရေးအရ ရင်းနှီးသည့် ဆက်ဆံရေးများရှိသော နိုင်ငံများမှ လက်နက်ကုမ္ပဏီများနှင့်လည်း ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ လက်နက်များကို ဝယ်ယူမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) မှ ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက် များတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ လက်နက်တိုက်အတွင်းရှိသည့် လက်နက် စုစုပေါင်း၏ ၃ ပုံ ၂ ပုံကျော်သည် တရုတ် လက်နက်များဖြစ်ပြီး ထိုလက်နက်များအတွင်း Ming-class ရေငုပ်သင်္ဘောများ၊ MBT-2000 တင့်ကားများလည်း ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ လက်နက်များကို စျေးပေါပေါဖြင့် ဝယ်ယူရနိုင်ခြင်းကြောင့် အများဆုံး ဝယ်ယူနေ ခြင်းဖြစ်ပြီး တရုတ်နိုင်ငံပြီးပါက ဘင်္ဂလားဒေ့ရှ်သို့ လက်နက်များ ရောင်းချနေသည့် နိုင်ငံများထဲတွင် တူရကီ၊ ဗြိတိန်နှင့် ရုရှားနိုင်ငံတို့လည်း ပါဝင်သည်။

Source: Asia Times