CNI International News

ဘန်ကောက်၊ ဩဂုတ် ၃၁

အရှေ့တောင်အာရှတွင် အမေရိကန်-တရုတ် အားပြိုင်မှု မြင့်တက်လာပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ၏ သက်ရောက်မှုများနှင့် ရင်ဆိုင်နေရချိန်၌ ၎င်း၏ စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံရေးနှင့် လေကြောင်း ကာကွယ်ရေးကို မြှင့်တင်ရန် Saab Gripen E/F တိုက်လေယာဉ်များ ဝယ်ယူရန် စီစဉ်နေကြောင်း Asia Times မှ ဖော်ပြခဲ့သည်။

ကာကွယ်ရေး သတင်းများကို ဖော်ပြနေသည့် The War Zone သတင်းဝက်ဘ်ဆိုက်မှ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် သတင်းတစ်ရပ်တွင် ထိုင်းတော်ဝင်လေတပ် (RTAF) သည် ဆွီဒင်နိုင်ငံ၏ ခေတ်မီတိုက်လေယာဉ် များဖြစ်သည့် Saab Gripen E/F တိုက်လေယာဉ်များကို ဝယ်ယူရန် ဆန္ဒရှိကြောင်း ကြေညာခဲ့သည်။

ထိုလေယာဉ်များဖြင့် လက်ရှိ RTAF တွင် အသုံးပြုနေသည့် Gripen C/D မော်ဒယ် လေယာဉ်အုပ်စုကို အဆင့်မြှင့် တင်ရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။

ထိုတိုက်လေယာဉ်များ ဝယ်ယူရေးအတွက် ၁၀ လကြာ အကဲဖြတ်ချင့်တွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် RTAF သည် တိုက်လေယာဉ်အသစ် ၁၂ စင်းမှ ၁၄ စင်းအထိ ဝယ်ယူရန်စီစဉ်ခဲ့သည်။

မြန်မာ့တပ်မတော်ကို ဆန့်ကျင်နေကြစဉ်

အဆိုပါ လေယာဉ်များကို ၂၀၂၈ ခုနှစ်မှစပြီး လက်ခံရယူရန် မျှော်မှန်းထားသည်ဟု The War Zone သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

Gripen E/F တိုက်လေယာဉ်များသည် နိုင်ငံတကာတွင် အသုံးပြုနေသည့် တိုက်လေယာဉ်များ၊ အထူးသဖြင့် အမေရိကန်လုပ် F-35 နှင့် F-16 လေယာဉ်များနှင့် နှိုင်းယှဉ်ပါက စစ်မြေပြင် အသာစီးရမှု ကြီးကြီးမားမား မရှိခဲ့ကြောင်း ထိုသတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

လက်ရှိ RTAF တွင် သက်တမ်း အိုဟောင်းနေပြီဖြစ်သည့် အမေရိကန်လုပ်  F-16s နှင့် F-5 Tiger II တိုက်လေယာဉ် များနှင့်အတူ Gripen C/D တိုက်လေယာဉ် ၁၁ စင်းကို အသုံးပြုလျက်ရှိသည်။

လက်တလော ကာလတွင် မြန်မာ့တပ်မတော် (လေ)သည် လက်နက်ကိုင်အဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်ရန် တရုတ်၊ ရုရှားတို့၏ အကူအညီဖြင့် ၎င်း၏ လေတပ်ကို အဆင့်မြှင့်တင်မွမ်းမံမှုများ ဆက်တိုက် ပြုလုပ်နေသည်။

ထိုင်းနိုင်ငံသည် ၎င်း၏ လေပိုင်နက်အတွင်းသို့ မြန်မာ့တပ်မတော် (လေ) ၏ လေယာဉ်များ ဝင်ရောက်ပျံသန်းမှု များ ရှိနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

 မြန်မာ့တပ်မတော် (လေ) ၏ MiG-29 တိုက်လေယာဉ်ကို တွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက Asia Times သတင်းစာတွင် ဖော်ပြခဲ့သည့် အန်သိုနီ ဒေးဗစ် (Anthony Davis) ၏ ဆောင်းပါးတစ်ပုဒ်၌ မြန်မာ့တပ်မတော် (လေ) သည် ရုရှားထံမှ Sukhoi SU-30 တိုက်လေယာဉ်များနှင့် တရုတ် ထံမှ FTC-2000G တိုက်လေယာဉ်များ အပါအဝင် လေတပ်စွမ်းဆောင်ရည်များသည် နစက၏ မဟာဗျူဟာတွင် အဓိကကျသည့် နေရာမှ ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။

ထိုင်းသည် ၎င်း၏ လေပိုင်နက်အတွင်း မြန်မာတိုက်လေယာဉ်များ ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များကို ထိန်းထိန်း သိမ်းသိမ်း တုန့်ပြန်ခဲ့ပြီး ထိုသို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေခြင်းက ကြားဖြတ်ဟန့်တားနိုင်စွမ်း အားနည်းမှု ကြောင့် မဟုတ်ဘဲ နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားခြင်းကြောင့်ဖြစ်ကြောင်း Asia Times မှ ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဖော်ပြခဲ့သည့် Asian Journal of Comparative Politics ၏ ဆောင်းပါးတစ်ပုဒ်တွင်မူ ၂၀၂၂ ခုနှစ်၊ ဇွန်လက ထိုင်းလေပိုင်နက်အတွင်းသို့ မြန်မာ့တပ်မတော် (လေ) ၏ MiG-29 တိုက်လေယာဉ် ဝင်ရောက် ပျံသန်းမှုအပေါ် ထိုင်းအစိုးရက နှုတ်ဆိပ်နေခဲ့သည့်အတွက် ထိုင်းအစိုးရအပေါ် ဝေဖန်မှုများ  ထွက်ပေါ် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

Source: Asia Times