CNI International News

ဘန်ကောက် ၊ စက်တင်ဘာ ၂၀

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများကို အဖြေရှာရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် အာဆီယံ Troika Plus အစည်းအဝေးကို ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ  (Maris Sangiampongsa)က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် မကြာသေးမီက လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane) မြို့တော်တွင် ပြုလုပ် သည့် ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း မြန်မာ့အရေးကို ငြိမ်းချမ်းစွာ အဖြေရှာရာ၌ ထိုင်း၏အခန်းကဏ္ဍအား အသိအမှတ်ပြုကြောင်း ပြသခဲ့ကြသည်ဟု မာရစ်က ပြောသည်။

အာဆီယံ  Troika Plus အစည်းအဝေး ပြုလုပ်မည့် အချိန်အတိအကျကို မဆုံးဖြတ်ရသေးပေ။ သို့သော်လည်း အောက်တိုဘာလတွင် ဗီယန်ကျင်းမြို့တော်တွင် ပြုလုပ်မည့် အာဆီယံညီလာခံအပြီး၌ ပြုလုပ်ဖွယ်ရှိသည်။

မြန်မာကိုယ်စားလှယ် နေရာလွတ်နေတာကို တွေ့ရစဉ်

အာဆီယံ Troika အစည်းအဝေးသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆွေးနွေးတိုင်ပင်သည့် ယန္တရားတစ်ခုဖြစ်ပြီး အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များ ပါဝင်သည်။

Troika Plus အစည်းအဝေးတွင်မူ အင်ဒိုနီးရှား၊ လာအို၊ မလေးရှာင်း ၃ နိုင်ငံအပြင် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံ များ ပါဝင်သည်။

"ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဓိကနိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ပြီး တက်ကြွစွာ ဆောင်ရွက်သွားမှာပါ" ဟု မာရစ်က ဝန်ကြီးချုပ် ပေတုန်တန် အစိုးရအဖွဲ့၏ နိုင်ငံခြား ရေး မူဝါဒနှင့်ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုအစည်းအဝေးများသည် ပြည်သူများအတွက် သံတမန် အားထုတ်ကြိုးပမ်းမှုဖြစ်ပြီး လူအများ၏ အကျိုးအတွက် အခြေအနေကို ဖန်တီးယူရသည့် သံတမန်အစီအစဉ် တစ်ခုဖြစ်သည်ဟု မာရစ်က ပြောသည်။

 အာဆီယံ Troika  အစည်းအဝေးကို ကျင်းပနေစဉ်

အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများထဲတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ရေ စီမံခန့်ခွဲရေး၊ ဖုန်းနှင့် အင်တာနက်ပေါ်မှ ငွေကြေးလိမ်လည်ခြင်း၊ လေထုညစ်ညမ်းမှုပြဿနာ အစရှိသည့် အရေးကိစ္စများ ပါဝင်သည်ဟု မာရစ်က ပြောသည်။

ထို့ပြင် ထိုင်းနှင့် မလေးရှားအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ တည်ငြိမ်မှုမရှိသည့် ပြည်နယ် ၃ ခုကို ငြိမ်းချမ်းရေးရရှိစေရန် အားထုတ်ကြိုးပမ်း သွားမည်ဖြစ်ကြောင်းလည်း မာရစ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၈၀ ကြာ နေထိုင်ခွင့်ပေးမည့် ကာလရှည်ဗီဇာ ထုတ်ပေးမည့် ရည်ရွယ်ချက်ဖြင့် "ထိုင်း ဗီဇာ ခရီးပန်းတိုင်" (Destination Thailand Visa) ဟု လူသိများသည့် ဗီဇာအစီအစဉ်ကို လုပ်ဆောင်နေပြီး ခရီးသွားကဏ္ဍကို မြှင့်တင်မည်ဖြစ်ကြောင်း မာရစ်က ပြောကြားခဲ့သည်။

Source: Thai PBS World