CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံးကာနီး အချိန်သို့ ရောက်ရှိ နေချိန်တွင် တရုတ်ကို တန်ပြန်ရန် သံတမန်ရေးအရ တွန်းအားပေး ဆောင်ရွက်သည့်အနေဖြင့် ၎င်း၏ မွေးရပ်မြို့ ဖြစ်သည့် ဒယ်လာဝဲ (Delaware) မြို့တွင် Quad ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဘိုင်ဒန်သည် Quad အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် စက်တင်ဘာ ၂၁ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးမတိုင်မီ စက်တင်ဘာ ၂၀ ရက်၌ ဒယ်လာဝဲမြို့သို့ ကြိုတင်သွားရောက်ခဲ့သည်။

ထိုအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများအကြား နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် အရေးကိစ္စကို ဆွေးနွေးဖွယ်ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

အစည်းအဝေး အစီအစဉ်တွင် အင်ဒို-ပစိဖိတ် ရေပြင်များအတွင်း တရားမဝင် ငါးဖမ်းမှုများကို တိုက်ဖျက်ရေးနှင့် အိန္ဒိယသမုဒ္ဒရာ၌ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ရေးတို့လည်း ပါဝင်သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

ဘိုင်ဒန်သည် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည့်သူကို သမ္မတရာထူး လွှဲပြောင်အပ်နှံမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲတွင် ဒုတိယသမ္မတ ကာမယ်လာဟားရစ် ( Kamala Harris) နှင့် ဒေါ်နယ်ထရမ့် (Donald Trump) တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

ဘိုင်ဒန်သည် လာမည့်နှစ်တွင် သမ္မတအိမ်ဖြူတော်မှ ထွက်ခွာမှုနှင့်အတူ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည်လည်း ယခုလအတွင်း ရာထူးမှ ထွက်ခွာမည်ဖြစ်သဖြင့် Quad အဖွဲ့၏ အနာဂတ်အပေါ် မေးခွန်း များ ထွက်ပေါ်နေသည်။

"Quad အစည်းအဝေးမှာ မတူကွဲပြားတဲ့ အရိပ်လက္ခဏာတွေကို တွေ့မြင်ရမှာဖြစ်ပြီး Quad ဟာ ဆက်လက် တည်ရှိနေမယ့် အဖွဲ့အစည်းအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်"ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Quad အစည်းအဝေးတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကင်ဆာကုသရေး၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများကိုလည်း ဆွေးနွေးဖွယ်ရှိသည်။

Source: ရိုက်တာ