CNI International News

ဝယ်လ်မင်တန်၊ စက်တင်ဘာ ၂၃

တရုတ်၏ မြင့်တက်နေသည့် စစ်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း သွေးတိုးစမ်းသည့် အားထုတ်ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း ယူဆသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဘိုင်ဒန်သည် ဒယ်လာဝဲ (Delaware) ပြည်နယ်ရှိ ၎င်း၏ ဇာတိမြို့ဖြစ်သည့် ဝယ်လ်မင်တန် (Wilmington) မြို့တွင် ပြုလုပ်သည့် Quad အဖွဲ့အစည်းအဝေး၌ အဖွင့်မိန့်ခွန်းအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်၏ လုပ်ဆောင်ချက်များသည် နည်းဗျူဟာအရ ပြောင်းလဲသော်လည်း မဟာဗျူဟာအရ ပြောင်းလဲခြင်း မရှိကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ပြီး ထိုကဲ့သို့ ပြောကြားချိန်တွင် မိုက်ကိုဖွင့်ထားချိန်ဖြစ်သဖြင့် မီဒီယာများက ကြားသိခဲ့ရသည်။

တရုတ်အစိုးရသည် အိမ်ခြံမြေစျေးကွက်နှင့် စက်မှုလုပ်ငန်းများ နှေးကွေးလေးလံနေပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျဆင်းခဲ့သည့်စီးပွားကို ပြန်လည်မြှင့်တင်ရန် ရုန်းကန်နေရသည်။

Quad အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်

"တရုတ်ဟာ ရန်လိုစွာနဲ့ ဒေသတွင်းမှာရှိတဲ့ ကျနော်တို့အားလုံးကို သွေးတိုးစမ်းနေပါတယ်။ တောင်တရုတ် ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်၊ တောင်အာရှနဲ့ ထိုင်ဝမ်ရေလက်ကြားတွေမှာ အမှန်တကယ်ကို သွေးတိုးစမ်းနေပါတယ်" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ထိုအစည်းအဝေးကို Quad အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များဖြစ်သည့် ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ  (Anthony Albanese) ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ (Fumio Kishida) တို့ တက်ရောက်ခဲ့သည်။

ထိုအစည်းအဝေးအတွင်း ခေါင်းဆောင်များက မိတ်ဖက်ဆက်ဆံမှုကို တိုးချဲ့ရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

မိမိတို့အမြင်အရ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ပြည်တွင်း စီးပွားရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေ ရချိန်တွင် သံတမန်ဆက်ဆံရေးကို တတ်နိုင်သမျှ တည်ငြိမ်စေရန် ထိန်းသိမ်းထားရန် ကြိုးပမ်းနေသည်ဟုလည်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်က စတင်ခဲ့သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲအတွင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမှအစ များပြားသည့် အရေးကိစ္စများတွင် နှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

Source: အေပီ