CNI International News

မနီလာ၊ ဇူလိုင် ၂၄

အမေရိကန်သည် ဖိလစ်ပိုင်တွင် ခေတ်မီ ဒုံးကျည်များနှင့် ဒရုန်းစနစ်များ ဖြန့်ကြက်ချထားရန် ကတိပေး ခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်တွင် စစ်ရေးအသွင်ဆောင်နေသည့် အခြေအနေ ပိုမိုမြင့်တက်လာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) သည် ဇူလိုင် ၂၁ ရက်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jnr) နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း တောင်တရုတ် ပင်လယ်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာသော အခြေအနေကို တားဆီးရန်အတွက် ခိုင်မာသည့် ကာကွယ်ရေးကဏ္ဍတစ်ခု ဖန်တီးပေးသွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

အမေရိကန်၏ လက်နက်အသစ်များသည် ဒေသတွင်း လုံခြုံရေးတွင် ဖိလစ်ပိုင်၏ မဟာဗျူဟာမြောက် အားထုတ် ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ဟက်ဆက်က ပင်တဂွန်နှင့် မားကို့စ်တို့ကြား အစည်းအဝေး ပြုလုပ်ချိန်အတွင်း ပြောကြားခဲ့သည်။

မားကို့စ်သည် ပင်တဂွန်တွင် ဟက်ဆက်နှင့် တွေ့ဆုံခဲ့ပြီးနောက် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့်လည်း အစည်းအဝေး ပြုလုပ်ခဲ့သည်။

“ကျနော်တို့က နည်းပညာမြင့် ဒုံးကျည်တွေနဲ့ ဒရုန်းစနစ်တွေကို ဖြန့်ကြက်ချထားပေးပြီး ကျနော်တို့ရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်း စခန်းတွေကို ပြန်လည် အသက်သွင်းသွားမှာပါ။ ကျနော်တို့ဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို သေချာစေပြီး ငြိမ်းချမ်းရေးအတွက် စစ်မှန်ပြီး ခိုင်မာမှုရှိတဲ့ အဟန့်အတားတစ်ခုကို အတူ ပူးပေါင်းဖော်ဆောင်ရပါမယ်”ဟု ဟက်ဆက်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ကို တွေ့ရစဉ်

ဖိလစ်ပိုင်ကို မည်သည့် ဒုံးကျည်များနှင့် ဒရုန်းအမျိုးအစားများ ဖြန့်ကြက်ချထားမည် ဆိုခြင်းကို ပင်တဂွန်က ပြောကြားခဲ့ခြင်းမရှိပေ။

ဟက်ဆက်ကမူ ထိုအစီအစဉ်များသည် ထိပ်တိုက်တွေ့ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျနော်တို့ဟာ အသင့်အနေအထားနဲ့ အခိုင်အမာ ပြင်ဆင်သွားမှာပါ။ ဖိလစ်ပိုင်ရဲ့ စစ်တပ်ကို အဆင့် မြှင့်တင် မွမ်းမံဖို့နဲ့ ပူးပေါင်းကာကွယ်ရေးအတွက် သင့်ရဲ့ အားထုတ်ကြိုးပမ်းမှုတွေ အပါအဝင် ကျနော်တို့ရဲ့ အပြန်အလှန် စီးပွားရေး အကျိုးပြုမှုကို ဂုဏ်ယူစွာနဲ့ ထောက်ခံပါတယ်” ဟု ဟက်ဆက်က မားကို့စ်ကို ပြောကြား ခဲ့သည်။

ထို့ပြင် ဟက်ဆက်က အမေရိကန်သည် ဖိလစ်ပိုင်နှင့် ချုပ်ဆိုထားသည့် ကာကွယ်ရေးစာချုပ်၏ ကတိကဝတ် များကိုလည်း ထပ်လောင်း အတည်ပြုခဲ့သည်။

၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့သည့် အပြန်အလှန် ကာကွယ်ရေးစာချုပ်အရ တောင်တရုတ်ပင်လယ် အပါအဝင် ပစိဖိတ် ဒေသရှိ မိမိတို့တပ်ဖွဲ့များ၊ လေယာဉ်များ၊ အရပ်ဘက် သင်္ဘောများ၊ ကမ်းခြေစောင့် တပ်ဖွဲ့များ တိုက်ခိုက်ခံရမည် ဆိုပါက ပူးပေါင်းကာကွယ်သွားမည်ဖြစ်ကြောင်း ဟက်ဆက်က ပြောကြားခဲ့သည်။

Source: South Chain Morning Post