CNI International News
တိုင်ပေ၊ ဇူလိုင် ၂၄
တရုတ်သည် ထိုင်ဝမ်၏ ဒီမိုကရေစီကို ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေသည်ဟု ထိုင်ဝမ်အစိုးရက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ထိုင်ဝမ် ပြည်သူများ အနေဖြင့် ၎င်းတို့ကိုယ်တိုင် ထိုင်ဝမ် ခေါင်းဆောင်များကို အာဏာအပ်နှင်းသင့် သည်ဟု ဆုံးဖြတ်ထားရန်လိုကြောင်း ထိုင်ဝမ်အစိုးရက ပြောသည်။
ထိုင်ဝမ်တွင် လွှတ်တော်အမတ် စုစုပေါင်း၏ ၅ ပုံ ၁ ပုံကို ရာထူးတွင် ဆက်လက်ထားရှိရန် သို့မဟုတ် ဖယ်ရှားရန် ရွေးချယ်ရသည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ထိုင်ဝမ်အစိုးရက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၂၆ ရက်တွင် ထိုင်ဝမ် မဲဆန္ဒရှင်များသည် ထိုင်ဝမ်၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ကူမင်တန် (KMT) ပါတီ အပါအဝင် လွှတ်တော်အမတ် ၂၄ ဦးကို ရာထူး၌ ဆက်လက်ထားရှိရန် သင့်၊ မသင့် ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
ထိုင်ဝမ်၏ လွှတ်တော်အမတ် အချို့သည် တရုတ်ကို လိုလားသည့် သဘောထားများ ရှိနေကြောင်း လူမှု အဖွဲ့အစည်းများက စွပ်စွဲခဲ့ပြီးနောက် ထိုရွေးကောက်ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်
ကူမင်တန်ပါတီကမူ ၎င်းတို့သည် တရုတ်ကို လိုလားခြင်းမရှိကြောင်း သို့သော် တရုတ်နှင့် ဆက်ဆံရေး လမ်းကြောင်းများကို ဖွင့်လှစ်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်က ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲ၏ ရလဒ်များကို လေးစားခြင်းမရှိကြောင်း ကူမင်တန်ပါတီက ပြောကြားခဲ့သည်။
တရုတ်၏ ထိုင်ဝမ်ရေးရာရုံးနှင့် တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ထိုင်ဝမ်၏ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မှတ်ချက်များကို မကြာခဏ ထုတ်ပြန်နေသည်။
ထိုင်ဝမ်၏ တရုတ်ပြည်မကြီးရေးရာကောင်စီကမူ တရုတ်ကွန်မြူနစ်ပါတီ၏ ကြားဝင်စွက်ဖက်မှုကို ငြင်းပယ် ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်များကို လေ့လာနေသည့် ထိုင်ဝမ်၏ IORG အဖွဲ့က ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်ကို တရုတ်ကွန်မြူနစ်ပါတီက ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ ရှင်းနေပါ တယ်” ဟု ထိုင်ဝမ်၏ တရုတ်ပြည်မကြီးရေးရာကောင်စီက ပြောကြားခဲ့သည်။
Source: ရိုက်တာ