CNI International News

အေသင်၊ နိုဝင်ဘာ ၂၄

တရုတ်၏ အမျက်ဒေါသကို ရှောင်လွှဲရန်အတွက် ထိုင်ဝမ်က ပြုလုပ်သည့် ပွဲအခမ်းအနားများကို တက်ရောက်ခြင်း မပြုရန် ဂရိအစိုးရက ပြည်တွင်းနှင့် ပြည်ပရှိ ၎င်း၏ အစိုးရအရာရှိများအား သတိပေးခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ဂရိ၏ သတိပေးချက် ထုတ်ပြန်မှုသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ၏ မူဝါဒတွင် သဘောထား ကွဲလွဲမှုများ မြင့်တက်နေသည်ကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

ပြီးခဲ့သည့်လက ဂရိနိုင်ငံ၊ အေသင်မြို့တော်တွင် ထိုင်ဝမ်၏ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနား မကျင်းပမီ ရက်ပိုင်းအလို၌ ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုအခမ်းအနားသို့ တက်ရောက်ခြင်း မပြုရန် ဂရိ သံတမန်များနှင့် ဂရိအစိုးရဝန်ထမ်းများကို အီးမေးလ်မှတဆင့် စာများပို့ခဲ့သည်။ 

ဂရိနိုင်ငံသားများကိုတွေ့ရစဉ်

ဂရိအစိုးရ ဝန်ထမ်များသည် ထိုင်ဝမ်ကပြုလုပ်သည့် ပွဲအခမ်းအနားများကို တက်ရောက်မည်ဆိုပါက တရုတ်၏ ပိတ်ဆို့မှုများကို ချမှတ်ခံရနိုင်ခြေရှိကြောင်းလည်း ဂရိနိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နို့တစ်စာတွင် သတိပေးခဲ့သည်။ 

ထိုနို့တစ်စာကို ဂရိလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  အလက်ဇန္ဒား ပါပါဒိုပူလူ (Alexandra Papadopoulu) က လက်မှတ်ရေးထိုးခဲ့ပြီး ဂရိအစိုးရ အဆောက်အအုံများ သို့မဟုတ် ထိုင်ဝမ်၏ သံရုံးအမည်ခံဖြစ်သည့် တိုင်ပေ ကိုယ်စားလှယ်ရုံးများတွင် ထိုင်ဝမ်အရာရှိများနှင့် အစည်းအဝေးများ ပြုလုပ်ခြင်းမပြုရန် သတိပေးခဲ့သည်။

ထိုမူဝါဒ အပြောင်းအလဲနှင့် ထိုသို့ သတိပေးချက် ထုတ်ပြန်ခြင်းသည် တရုတ်၏ ဖိအားကြောင့် ဟုတ်/မဟုတ် မေးမြန်းထားသည့် မေးခွန်းများကို ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး အေသင်မြို့တော်ရှိ တိုင်ပေ ကိုယ်စားလှယ် ရုံးကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်

တရုတ်သည် ဂရိနိုင်ငံတွင် ကြီးမားသည့် စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နေပြီး ဥရောပသမဂ္ဂ အပြင် ဘက်တွင် ဂရိ၏ အကြီးများဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သည်။ 

ဂရိဝန်ကြီးချုပ် ကရီယာကို့စ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) သည် နိုဝင်ဘာ ၃ ရက်က တရုတ်နိုင်ငံ  ဘေကျင်းမြို့တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် မတွေ့ဆုံမီ သီတင်းပတ် အနည်းငယ်အလို၌ ထိုင်ဝမ်၏ ပွဲအခမ်းအနားများကို တက်ရောက်ခြင်းမပြုရန် ဂရိနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Source: Nikkei Asia