CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် မိမိတို့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအား တည်ငြိမ် အေးချမ်းမှု မရှိစေရန် ဆက်လက်လုပ်ဆောင်နေပါက မိမိတို့ ရှမ်းနီလူငယ်များအနေဖြင့် KIA ကို တန်ပြန်ချေမှုန်းတိုက်ခိုက်မည်ဟု ရှမ်းနီလူငယ်များအဖွဲ့က နိုဝင်ဘာ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုမှုအား တည်ငြိမ်မှုမရှိစေရေး ရည်ရွယ်ချက် ရှိရှိဖြင့် KIA သည် PDF ကို အားပေးထောက်ပံ့ကူညီ၍ ပူးပေါင်းဆောင်ရွက်ကာ မိမိတို့(ရှမ်းနီ)ဒေသအတွင်းရှိ ကျေးရွာများအား မီးရှို့ခြင်း၊ ဒေသခံပြည်သူများအား မတရားသဖြင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ဓားပြတိုက်လုယက်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း နှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်၍ အဖျက်အမှောင့်လုပ်ငန်းများကို အမျိုးမျိုးလုပ်ဆောင် နေကြသည်ဟု ဖော်ပြထားသည်။

ရှမ်းနီလူငယ်များအဖွဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့ကြောင့် မိမိတို့ ရှမ်းနီလူငယ်များအဖွဲ့သည် KIA အား လက်တုန့်ပြန်သည့် အနေဖြင့် နိုဝင်ဘာ ၂၃ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့နှင့် ဗန်းမော်မြို့များတွင် သတိပေး မိုင်းဖောက်ခွဲမှုများ ဆောင်ရွက် ခဲ့သည်ဟု ရှမ်းနီလူငယ်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရှမ်းနီလူငယ်များအဖွဲ့ “ KIA အနေဖြင့် မိမိတို့ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအား တည်ငြိမ်အေး ချမ်းမှု မရှိစေရန် ဆက်လက် လုပ်ဆောင်နေပါက မိမိတို့ ရှမ်းနီလူငယ်များအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ KIA အဖွဲ့ စိုးမိုးထားသည့် နေရာများအား တန်ပြန်ဖောက်ခွဲခြင်းနှင့် တိုက်ခိုက်ချေမှုန်းခြင်းများကို နည်းလမ်းမျိုးစုံ ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည်”ဟု ပြောသည်။

လက်ရှိတွင် KIA သည် ရှမ်းနီလူမျိုးများ နေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်၊ ကော လင်း၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ ကလေး၊ တမူး၊ ဟုမ္မလင်း၊ ရွှေပြည်အေး၊ ကသာ၊ ထီးချိုင့် စသည့် မြို့နယ်များ၌ AA၊ ABSDF၊ PDF၊ KNA Burma အဖွဲ့များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးကာ ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ထိန်းသိမ်းထားသော ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တိုက်ခိုက်ချေမှုန်းလျက်ရှိနေ သည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်

အလားတူ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်ဒေသများတွင်လည်း KIA သည် PDF များကို ထောက်ပံ့ပေးကာ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

KIA သည် စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေးအတွက် ကသုံးလုံး (ကသာ-ကောလင်း- ကန့်ဘလူ) စစ်ဆင်ရေး၊ ထီးချိုင့်မြို့နယ် ဗဟိုပြု စစ်ဆင်ရေး၊ ဗန်းမောက်မြို့နယ် ဗဟိုပြုစစ်ဆင်ရေးတို့ကို ဖော်ဆောင်လျက်ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးဖော်ဆောင်မှု အောင်မြင်ပါက စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးကို ထိန်းချုပ်ကာ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ိကို ထိန်းချုပ်နိုင်ရေးအတွက် AA၊ CNF၊ CDF၊ PDF တို့ကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ တိုက်ပွဲများ ဖော်ဆောင်ခိုင်းမည်ဟု စစ်ရေးကျွမ်းကျင် သူများက ထောက်ပြကြသည်။