CNI International News

တဲလ်အဗစ်၊ နိုဝင်ဘာ ၂၈ 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းတိုးရန် နိုင်ငံတကာမှ ကြားဝင်စေ့စပ်သူများက တိုက်တွန်းခဲ့ကြသည်ဟု အေပီမှဖော်ပြခဲ့သည် ။

အစ္စရေးနှင့် ဟားမာ့စ်အကြား လေးရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နိုဝင်ဘာ ၂၄ ရက်က စတင်ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

အစ္စရေးကမူ ဟားမာ့စ်တို့ဘက်မှ ဖမ်းဆီးထားသည့် ဓားစာခံအား ၁၀ ဦးစီ ပြန်လွှတ်ပေးမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးကာလကို တစ်ရက်စီ သက်တမ်းတိုးသွားမည်ဟု ပြောကြားခဲ့သည်။

Khuzaa ရွာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသားများ ဖျက်ဆီးခံရမှု AFP

ဟားမာ့စ်တို့ကလည်း အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်မှုကြောင့် ရရှိခဲ့သည့် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းတိုးရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ 

သို့သော်အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ဟားမာ့စ်အဖွဲ့၏ စစ်ရေးစွမ်းဆောင်ရည်များကို ချေမှုန်းရန် ကတိကဝတ်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဟုလည်း ပြောကြားထားသည်။

အစ္စရေး၏ ပြောကြားချက်အရ ၎င်း၏ မြေပြင်ထိုးစစ်ကို ဂါဇာမြောက်ပိုင်းမှ တောင်ပိုင်းအထိ ချဲ့ထွင်သွားမည့် သဘောသက်ရောက်နေပြီး လက်ရှိတွင် ဂါဇာတောင်ပိုင်း၌ သောင်းနှင့်ချီသည့် ပါလက်စတိုင်း ဒုက္ခသည်များ သည် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည်။

ဂျုံမှုန့်အိတ်များကို လက်ခံရယူရန် ပါလက်စတိုင်းသားများ စုဝေးနေကြစဉ် Reuters

ထို့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်တိုင် ၎င်းဒုက္ခသည်စခန်းများရှိ ပါလက်စတိုင်းတို့၏ နေထိုင် စားသောက်ရေးသည် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အပစ်အခတ်ရပ်စဲရေးကာလ၏ တတိယမြောက်ရက်ဖြစ်သည့် နိုဝင်ဘာ ၂၆ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံသား ၁၄ ဦးအပါအဝင် ဓားစာခံ ၁၇ ဦးကို တတိယအသုတ်အဖြစ် ပြန်လွှတ်ပေးခဲ့သည်။ 

အပြန်အလှန်အနေဖြင့် အစ္စရေးကလည်း ၎င်းတို့ အကျဉ်းထောင်များထဲတွင် ဖမ်းဆီးထိန်သိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့သည်။