CNI International News

ဂါဇာ၊ နိုဝင်ဘာ ၂၃

အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား နိုဝင်ဘာ ၂၂ ရက်နေ့က ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အစ္စရေးတွင် အကျဉ်းချခံထားရသည့် ပါလက်စတိုင်း အကျဉ်းသား ၁၅၀ နှင့် ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံ ၅၀ ကို လဲလှယ်ရန်၊ ဂါဇာဒေသအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခွင့်ရစေရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို လျှို့ဝှက်ပြုလုပ်ခဲ့ရကြောင်း အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးသည့် ကာတာနိုင်ငံမှ အရာရှိများက ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက် ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကတည်းက အမေရိကန်၊ အစ္စရေးနှင့် ဟားမာ့စ်အရာရှိများက ပြောကြားခဲ့ကြသည်။

ဟားမာ့စ်က ဖမ်းထားတဲ့ ဓားစားခံတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြစဉ်

ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် လူပေါင်း ၁၂၀၀ ခန့်ကို သတ်ဖြတ်ခဲ့သလို ဓားစာခံ ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ယူဆရကြောင်း အစ္စရေး အရာရှိများက ထုတ်ပြန်ခဲ့သည်။ 

၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဂါဇာ၌ ဖမ်းဆီးခံထားရသည့် ဓားစာခံများအနက် အမျိုးသမီး များနှင့် ကလေးများ စုစုပေါင်း ၅၀ ခန့် လွတ်မြောက်လာလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ ရုံးက ထုတ်ပြန်ခဲ့သည်။

နောက်ထပ် ဓားစာခံ ၁၀ ဦးစီ ပြန်လွတ်လာတိုင်း အပစ်အခတ်ရပ်စဲရေးကို တစ်ရက်စီ ထပ်တိုးသွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသားမည်မျှကို ပြန်လွှတ်ရမည်ဆိုခြင်းကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဟားမာ့စ်က ဖမ်းထားတဲ့ ဓားစားခံတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြစဉ်

"အစ္စရေးအစိုးရဟာ ဓားစာခံအားလုံး ပြန်လည်လွတ်မြောက်လာစေဖို့ ကြိုးပမ်း လုပ်ဆောင်နေပါတယ်။ ဒီနေ့ည မှာတော့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ပထမအဆင့်အဖြစ် အပစ်အခတ်ရပ်စဲရေး အဆိုပြု ချက်ကို အတည်ပြုခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ ဆေးဝါးနှင့် လောင်စာများ တင်ဆောင်ထားသော ရာနှင့်ချီသည့် ထရပ်ကားများကို ဂါဇာဒေသအတွင်းသို့ ဝင်ခွင့်ပြုရန် သဘောတူညီချက်လည်း ပါဝင်ခဲ့သည်။ 

အစ္စရေးစစ်တပ်ကလည်း အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဂါဇာဒေသအတွင်း တိုက်ခိုက်မှုများ သို့မဟုတ် ဖမ်းဆီးမှုများကို လုပ်ဆောင်မည် မဟုတ်ကြောင်း ကတိပြုခဲ့သည်။ 

ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လည်း ကြိုဆိုခဲ့ သည်။

Source: ရိုက်တာ