CNI International News

ဘန်ကောက်ပို့စ် ၊ နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံတွင် မေလ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီး၌ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ဟောင်ကောင်မှာ တွေ့ဆုံပြီး စကားစမြည် ပြောဆိုခဲ့ဖူးကြောင်း Progressive Movement ပါတီခေါင်းဆောင် သာနာသွန်း ဂျူအန်ရွန်ရန်ကစ် (Thanathorn Juangroongruangkit) က အတည်ပြု ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သက်ဆင်က နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ယူဆခံထားရသည့် အာဏာရ ဖြူးထိုင်းပါတီမှ ဒုဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်း (Phumtham Wechayachai) ကမူ သက်ဆင်နှင့် သာနာသွန်းတို့ ဟောင်ကောင်တွင် တွေ့ဆုံခဲ့ခြင်းကို မသိကြောင်း ငြင်းဆိုခဲ့သည်။ 

"သင့်အနေနဲ့ မစ္စတာ သာနာသွန်းနဲ့ မစ္စတာသက်ဆင်ကို မေးသင့်ပါတယ်။ အပြင်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်သူကမှ မသိပါဘူး" ဟု ဖွမ်သမ်က ပြောသည်။

သတင်းကြေညာသူ ဆော်ရာယွတ် သုသစန္ဒာချင်ဒါကို တွေ့ရစဉ်

မကြာသေးမီက လူသိများသည့် သတင်းကြေညာသူ ဆော်ရာယွတ် သုသစန္ဒာချင်ဒါ (Sorrayuth Suthas sana chinda) နှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်တွင် အတိုက်အခံ Move Forward(MFP) ပါတီ၏ အဓိကထောက်ခံသူ ဖြစ်သည့် မစ္စတာ သာနာသွန်းက သူသည် အစိုးရမဖွဲ့စည်းမီ ဇူလိုင်လအတွင်းက သက်ဆင်နှင့်တွေ့ဆုံရန် ဟောင်ကောင်သို့ သွားရောက်ခဲ့သည်ဆိုသည့် သတင်းကို အတည်ပြုခဲ့သည်။ 

ထိုအချိန်က Progressive Movement နှင့် MFP ပါတီတို့၏ အဓိက ခေါင်းဆောင်များက ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုကို ငြင်းဆိုခဲ့ပြီးနောက် ယခုအကြိမ်သည် သာနာသွန်းက ပထမဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

"ကျနော်က နိုင်ငံရေးအရ ဘယ်လိုရာထူးကိုမဆို ရယူထားခြင်း မရှိပါဘူး။ တကယ်လို့ ကျနော်ဟာ နိုင်ငံရေးအရ သဘောတူညီချက်တွေ လုပ်ခဲ့မယ်ဆိုရင် MFP ဟာ ဖျက်သိမ်းခံရပါလိမ့်မယ်" ဟု သာနာသွန်းက ပြောကြားခဲ့ သည်။

သာနာသွန်းကို တွေ့ရစဉ်

MFP ပါတီမတိုင်မီ ဖွဲ့စည်းခဲ့သည့် Future Forward ပါတီ (ယခုဖျက်သိမ်း)၏ ခေါင်းဆောင်ဟောင်းဖြစ်သူ မစ္စတာ သာနာသွန်းက Future Forward ပါတီမှ ဆင်းသက်လာခဲ့သည့် MFP သည် သူမပါဘဲ ဖွံ့ဖြိုးတိုးတက်လာခဲ့သည် ကို မြင်တွေ့ရသည်မှာ ဂုဏ်ယူစရာကောင်းကြောင်း ပြောကြားခဲ့သည်။ 

"MFP ဟာ ဘယ်သူ တစ်စုံတစ်ဦးကိုမှ မှီခိုခြင်းမရှိတဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတစ်ခု ဖြစ်လာခဲ့တယ်ဆိုတာ ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်" ဟု သာနာသွန်းက ပြောကြားခဲ့သည်။ 

Future Forward (FFP) ပါတီ ဖျက်သိမ်းခံခဲ့ရပြီးနောက် သာနာသွန်းသည် သီးခြားပါတီတစ်ခုအဖြစ် Progressive Movement ပါတီကို ထူထောင်ခဲ့သူ ဖြစ်သည်။ 

ထို့နောက် သာနာသွန်း၏ Progressive Movement ပါတီသည် ရွေးကောက်ပွဲတွင် MFP ပါတီ၏ မဲဆွယ်စည်းရုံး မှုများတွင် ကူညီပေးခဲ့သည်။

Source: ဘန်ကောက်ပို့စ်