CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၅

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က သူသည် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို ၎င်း၏ အကြံပေးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် ခန့်အပ်ခဲ့သည်ဟု မီဒီယာများကို ပြောကြားခဲ့ခြင်းမရှိကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ဆရီသာသည် အမေရိကန်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၄ ရက် က သုဝဏ္ဏဘူမိ (Suvarnabhumi) လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်၌ မီဒီယာများနှင့်တွေ့ဆုံပြီး အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆရီသာက သူသည် နယူးယောက်တွင် Bloomberg သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်တွင် သူပြောခဲ့ သည့် မှတ်ချက်စကားများကို ထိုင်းမီဒီယာများက အဓိပ္ပာယ်ကောက်ယူမှု လွဲမှားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ သည်။

ထိုင်းနိုင်ငံကို ပြည်တော်ပြန်လာသည့် သက်ဆင်ကိုတွေ့ရစဉ်

Bloomberg သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်က သူသည် ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် အာနန် ပန်ယာရာချန် (Anand Panyarachun) နှင့် ဆွမ်ချိုင် ဝေါင်ဆာဝပ် (Somchai Wongsawat) တို့ အပါအဝင် အခြားဝန်ကြီးချုပ်ဟောင်းများ၊ ထိပ်သီးအရာရှိများနှင့် ဆွေးနွေးတိုင်ပင်သလို သက်ဆင်နှင့်လည်း ဆွေးနွေး တိုင်ပင်မည်ဟုသာ မှတ်ချက်ပေးခဲ့ကြောင်း ဆရီသာက ပြောသည်။

မီဒီယာများအနေဖြင့် Bloomberg သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မိမိဖြေကြားခဲ့သော ဖြေကြား ချက်များကို စစ်ဆေးကြည့်သင့်သည်ဟုလည်း ဆရီသာက ပြောသည်။ 

ဆွေးနွေးပွဲတစ်ခုမှာ ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

"ဒါဟာ ကျနော့်အတွက် ဝန်ကြီးချုပ်အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ ကျနော်ဟာ နိုင်ငံရေး လောကထဲမှာ လူသစ်တစ်ဦးပါ"ဟု ဆရီသာက ပြောကြားခဲ့ပြီး အတွေ့အကြုံနှင့် ဗဟုသုတပြည့်စုံသည့်် လူတိုင်း ဆီက အကြံဉာဏ်များကို ရယူရန် အဆင်သင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

မလိုအပ်ဘဲ ပြဿနာ ဖြစ်စေနိုင်သည့်အတွက် ထိုင်းမီဒီယာများ အနေဖြင့် သူပြောကြားခဲ့သည့် အကြောင်းအရာ များကို အဓိပ္ပာယ်ကောက်ယူမှု မလွဲမှားရန် ဆရီသာက တိုက်တွန်းခဲ့သည်။

"အဓိပ္ပာယ်ကောက် မလွဲကြပါနဲ့ ကျနော် ဘာပြောခဲ့လဲဆိုတာကို နားထောင်ကြပါ" ဟု ဆရီသာက ပြောကြားခဲ့ပြီး လေဆိပ်တွင် ထိုင်းမီဒီယာများနှင့် အင်တာဗျူးကို အကျဉ်းချုံးသာ ပြုလုပ်ခဲ့သည်။

Source: Thai PBS World