CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၀

ထိုင်းနိုင်ငံတွင် ပြည်သူအားလုံးကို ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည့် ဖြူးထိုင်း (Pheu Thai) ပါတီသည် ၎င်း၏ ကတိစကားကြောင့် နိုင်ငံရေးအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

လက်ရှိတွင် ဆိုင်းငံ့ထားရသည့် ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် အကျဉ်းထောင်ပြင်ပ၌ ဆေးဝါးကုသမှု ခံယူနေသည့် အခြေအနေများ သည် သက်ဆင်နှင့် ဆက်နွှယ်မှုရှိသော ဖြူးထိုင်းပါတီအတွက် ခေါင်းခဲစရာ အခြေအနေများ ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

သက်ဆင်သည် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်တော့မည့် အခြေအနေအပေါ် နိုင်ငံရေး ပါတီများက မေးခွန်းထုတ်နေချိန်တွင် ဖြူးထိုင်းပါတီသည် ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်အတွက် ဘတ် ၅၀၀ ဘီလျံချေးယူရန် စီစဉ်လျက်ရှိသည်။

နိုင်ငံ့ဘတ်ဂျက်နှင့်ပတ်သက်ပြီး နောက်ဆုံးအကြိမ် ပြုလုပ်သည့် အချေအတင် ဆွေးနွေးမှုများတွင် အတိုက်အခံ ဖြစ်သည့် Move Forward ပါတီ (MFP) က သက်ဆင်၏ အရေးကိစ္စနှင့် ဒစ်ဂျစ်တယ်ငွေကြေး အစီအစဉ် ပြဿနာ များသည် အလွယ်တကူ ပေါ်ပေါက်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ထိုအခြေအနေမျိုးတွင် နိုင်ငံတော်ဘဏ္ဍာများ ဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်းနှင့် ထင်ရှားသည့် ဥပမာတစ်ခုမှာ သက်ဆင်၏ ဆေးကုသစရိတ်အတွက် ထိုင်းအခွန်ထမ်း ပြည်သူများ၏ ငွေကြေးများကို အသုံးပြုနေရသည့် အချက်အား MFP က ထောက်ပြပြောခဲ့သည်။

ထို့ပြင် ယခင်က မျှော်မှန်းထားခဲ့ဖူးခြင်းမရှိသည့် ရှပ်ဝါနှင့် လိမ္မော်ရောင် ဆန္ဒပြသူများသည်လည်း သက်ဆင် လွတ်မြောက်မည့် အရေးကိစ္စအပေါ် ကျေနပ်မှုမရှိဘဲ လမ်းများပေါ်ထွက်ကာ ဆန္ဒပြဖွယ်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ရှပ်ဝါ တက်ကြွလှုပ်ရှားသူများသည် သက်ဆင်နှင့်တကွ သူနှင့်ဆက်နွှယ်မှုရှိသည့် လူထုအကျိုးမျှော်ဝါဒီများကို နှစ်သက်ခြင်း မရှိသောကြောင့်ဖြစ်သည်။

ယခင်က သက်ဆင်ကို ထောက်ခံခဲ့သည့် လိမ္မော်ရောင် ဆန္ဒပြလှုပ်ရှားသူများကလည်း လက်ရှိတွင် Move Forward ပါတီနှင့်အတူ ဖြူးထိုင်းပါတီ၏ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှုအစီအစဉ်ကို ထောက်ခံတော့မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

Source: Thai PBS World