CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁

စပါးအသင်း တောင်ပံကစားသမား ပါရီဆစ်ဟာ ခရိုအေးရှားကလပ် ဟက်ဒက်စပလစ်အသင်းထံ အခုရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။

ပါရီဆစ်ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် အခုရာသီအကုန်ထိ အနားယူ ရနိုင်တယ်လို့ မျှော်လင့်ထားတာပါ။

အသက် ၃၆ နှစ်အရွယ်ရှိ ပါရီဆစ်နဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ခရိုအေးရှား ကစားသမားဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဟက်ဒက်စပလစ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ 

စပါးအသင်းကတော့ ပါရီဆစ်ရဲ့ အနာဂတ် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးတယ်လို့ သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။

ပါရီဆစ်ဟာ ဟက်ဒက်စပလစ်အသင်းမှာ လူငယ်ကစားသမားအဖြစ်သာ ကစားခဲ့ပြီး စီနီယာကစားသမားဘဝ မစတင်ခင်မှာ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

ပါရီဆစ်ဟာ ၂၀၂၂ ခုနှစ်က အင်တာမီလန်အသင်းကနေ စပါးအသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားကာ ၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာပါ။ 

ပါရီဆစ်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၆ ပွဲသာ ပါဝင်ကစားခဲ့ရပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ဟက်ဒက်စပလစ်အသင်းဟာ ဒီရာသီမှာ ခရိုအေးရှားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပြီး ဇန်နဝါရီ ၂၈ ရက်မှာ ဒုတိယနေရာက ရီဂျီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

စပါးအသင်းဟာ ပါရီဆစ်ကို ထွက်ခွာခွင့်ပေးပြီးနောက် ကလပ်ဘရုဂေးအသင်းရဲ့ အသက် ၁၈ နှစ်အရွယ်ရှိ တိုက်စစ်မှူး နူဆာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

စပါးအသင်းဟာ အခုအပြောင်းမှာ တီမိုဝါနာနဲ့ ဒရာဂူဆင်တို့ကို ခေါ်ယူထားတာကြောင့် နူဆာဟာ အသင်းရဲ့ တတိယမြောက် ခေါ်ယူမယ့် ကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။

Source: BBC