CNI International News

အစ္စလာမ်မာဘက်၊ ဇန်နဝါရီ ၂၀

ပါကစ္စတန်နှင့် အီရန်အကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မတိုးသာ၊ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေချိန်တွင် ပါကစ္စတန်၏ စစ်ဘက်ထိပ်သီး ခေါင်းဆောင်များနှင့် အရပ်ဖက်ခေါင်းဆောင်များက အမျိုးသားလုံခြုံရေးကို ပြန်လည်စိစစ်သုံးသပ်မှုများ ပြုလုပ်ရန်စီစဉ်နေကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပါကစ္စတန်သည် အီရန်၏ စစ္စတန်-ဘာလူချီစတန် (Sistan-Baluchestan) ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ၏ ခြေကုပ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့် လူ ၉ ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် ဇန်နဝါရီ ၁၉ ရက် တွင် ပါကစ္စတန် ယာယီဝန်ကြီးချုပ် အန်ဝါ အူ ဟက် ကက်ကာ (Anwaar-ul-Haq Kakar) က အစည်းအဝေး ခေါ်ယူခဲ့သည်။

အီရန်သည် ပါကစ္စတန်၏ အနောက်တောင်ဘက် နယ်စပ်ပြည်နယ်ဖြစ်သည့် ဘာလိုချီစတန် (Balochistan) ပြည်နယ်ရှိ Jaish al-Adl လက်နက်ကိုင်အဖွဲ့ကို လေကြောင်း တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်ကလည်း အီရန်နယ်နိမိတ်ပေါ်တွင် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို စစ်ဦးစီးချုပ်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲ တို့လည်း တက်ရောက်ခဲ့ကြောင်း ပါကစ္စတန်လုံခြုံရေး အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

အီရန်နှင့် ပါကစ္စတန်အကြား ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှုများသည် အောက်တိုဘာ ၇ ရက်က စတင် ဖြစ်ပွားခဲ့သည့်် အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း အရှေ့အလယ်ပိုင်းဒေသတွင် တည်ငြိမ်မှုများ ပိုမိုပျက်ယွင်း လာစေမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

မည်သို့ပင်ဆိုစေ ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့သည် တင်းမာမှုများကို ဖြေလျှော့ရန် ဆန္ဒရှိကြောင်း အရိပ်လက္ခဏာ များကို ပြသခဲ့သည်။

အီရန်သည် ပါကစ္စတန်နှင့် ကောင်းမွန်သည့် အိမ်နီးချင်း ဆက်ဆံရေးများကို ထူထောင်ခဲ့ကြောင်း၊ သို့သော် ပါကစ္စတန်အနေဖြင့် ၎င်းတို့၏ နယ်နိမိတ်အတွင်း အကြမ်းဖက်သမားများ၏ စခန်းများ ထူထောင်မှုကို တားဆီး ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက  ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်နိုင်ငံကလည်း အလားတူ ထုတ်ပြန်ခဲ့ပြီး အီရန်နယ်နိမိတ်ပေါ်တွင် တိုက်ခိုက်ခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ပါကစ္စတန်၏ လုံခြုံရေးနှင့်အမျိုးသား အကျိုးစီးပွား အတွက်ကြောင့်သာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပါကစ္စတန်နှင့် အီရန်၏ မဟာမိတ် တရုတ်နိုင်ငံကမူ ၎င်းအနေဖြင့် ကြားဝင်စေ့စပ်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကလည်း ပါကစ္စတန်နှင့် အီရန်အကြား တင်းမာမှုများကို လျှော့ချရန် တိုက်တွန်းခဲ့သည်။

Source: အယ်လ်ဂျာဇီးယား