CNI International News

ဘေရွတ်၊ ဧပြီ ၃၀

အကယ်၍ အစ္စရေးသည် ဆီးရီးယားနိုင်ငံထဲတွင် အီရန်တည်ရှိနေခြင်းကို ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် အီရန်ဘက်မှ တိုက်ရိုက်လက်တုံ့ပြန်၍ စစ်ပြုလာမည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟာဆန်နက်ရယ်လက် က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံအနီးတွင် ပြုလုပ်မည့် အစ္စရေးစစ်ရေးလေ့ကျင့်မှုများအတွက် ရှီးယိုက်ပြည်သူ့စစ်များ သတိ ကြီးကြီးထားရလိမ့်မည်ဖြစ်ကြောင်း ၎င်းက တဲလ်အဗစ်အာဏာပိုင်များကို သတိပေးခဲ့သည်။

“ဒေသတွင်း အီရန်တည်ရှိခြင်းကို အစ္စရေးဆက်ပြီး ရန်စလာရင် အီရန်က အစ္စရေးကို တိုက်ရိုက်စစ်ပြုလာနိုင် တယ်” ဟု လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှ ပြောကြားသည့် ဗီဒီယိုမိန့်ခွန်းထဲတွင် ဟာဆန်နက်ရယ်လက်က ပြောကြားခဲ့သည်။

မကြာသေးမီကာလဖြစ်သည့် ဧပြီ ၂၇ ရက်တွင် ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တဲလ်အဗစ်မြို့မှ အစ္စရေး ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ် ရည်ညွှန်းလျက် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရတ်မြောက်ပိုင်းရှိ အာဗဲလ်မြို့၊ စက်ရုံတစ်ရုံကို ပြီးခဲ့သည့်မတ်လက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကို ၎င်းက ဥပမာအားဖြင့် ထည့်သွင်းပြောကြားခဲ့သည်။ ယင်းဒုံးကျည်ကို အီရန်အား တိုက်ခိုက်ရန်အတွက် အစ္စရေး သုံးခဲ့ကြောင်း တီဟီရန်အစိုးရက စွပ်စွဲခဲ့ပြီးဖြစ်သည်။

လက်ဘနွန်နယ်စပ်တွင် လာမည့်စစ်ရေးလေ့ကျင့်မှုအတွင်း “အမှား၊ မိုက်မဲမှု (သို့မဟုတ်) ရန်လိုသည့်လုပ်ရပ်” မှန်သမျှကို အနှေးနှင့်အမြန်ဆိုသလို တိုက်ရိုက်စစ်ရေးတုံ့ပြန်သွားမည်ဟု ဟစ်ဇ်ဘိုလာဘာသာရေးခေါင်းဆောင် ဖြစ်သူ ဟာဆန်နက်ရယ်လက်က အစ္စရေးကို သတိပေးစကား ပြောကြားခဲ့သည်။

“လက်ဘနွန်မှာ ရွေးကောက်ပွဲမတိုင်ခင် (ဒါမှမဟုတ်) အဲဒီနောက်ပိုင်း အစ္စရေးစစ်ရေးလေ့ကျင့်မှု လုပ်မယ်ဆိုရင် ကျနော်တို့ဘက်ကတော့ နိုးကြားမှုအမြင့်ဆုံးအဆင့်နဲ့ အသင့်ရှိနေမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများကို လာမည့်မေလ ၁၅ ရက်၌ ကျင်းပရန် စီစဉ်ထားသည်။

“ခင်ဗျားတို့ အဓိကစစ်ဆင်ရေးတွေကို ကျနော်တို့ မကြောက်ဘူး။ လက်ဘနွန်မှာရှိနေတဲ့ အဟန့်အတားလုပ်ဖို့ အင်အားချိန်ခွင်လျှာကို ကျနော်တို့ အဆီးအတား လုပ်မှာမဟုတ်ဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ်များစွာအတွင်း စစ်ရေးအင်အား ပြန်လည်စုစည်းလျက် တိတ် တဆိတ်လေ့ကျင့်နေခဲ့ပြီး ရန်သူတော် အစ္စရေးအတွက် မည်သည့်လုပ်ဆောင်ချက်မဆို တုံ့ပြန်နိုင်အောင် အဆင် သင့်ပြင်ဆင်ထားကြောင်း ဟာဆန်နက်ရယ်လက်က ထပ်လောင်းပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန