CNI International News

မော်စကို၊ ဧပြီ ၃၀

ယခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းကတည်းက ထင်ရှားကျော်ကြားသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင် ၅ ဦးထက်မနည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်၍ သေဆုံးခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ မိသားစု ဝင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲချက်များလည်း ပေါ်ပေါက်ခဲ့သည်။

အဆုံးစီရင်၍ သတ်သေသွားသည်ဟုဆိုသူ ၄ ဦးသည် ရုရှားအစိုးရပိုင် ဂက်ဇ်ပရွန် (Gazprom) စွမ်းအင်ကုမ္ပဏီ (သို့မဟုတ်) ၎င်း၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုခုနှင့် ဆက်စပ်နေကြောင်း CNN က စုံစမ်းသိရှိရသော်လည်း ၎င်း ကုမ္ပဏီသို့ တယ်လီ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အကြောင်းပြန်ကြားခြင်း မရှိပါ။

ဂက်ဇ်ပရွန်မှ ထိပ်တန်း အမှုဆောင်တစ်ဦးသည် ယခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ရုရှားနိုင်ငံ၊ လီနင်ဂရက်မြို့အနီး လီနင်စကီး (Leninsky) ကျေးရွာရှိ ၎င်း၏နေအိမ်တွင် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ရုရှားအစိုးရပိုင် RIA နိုဗိုစတီ (Novosti) မီဒီယာက သတင်းဖော်ပြခဲ့သည်။
အခင်းဖြစ်ပွားရာ နေရာတွင် အသေခံဗုံးခွဲသည့် သဲလွန်စတစ်ခု တွေ့ရှိခဲ့ရသဖြင့် အသေခံဗုံးခွဲ၍ သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးနေသည်ဟု RIA သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

သေဆုံးသူသည် ဂက်ဇ်ပရွန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ သယ်ယူပို့ဆောင်ရေးအရာရှိ လီယိုနစ်ရှူလ်မန်း (Leonid Shulman) ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ရုရှားအစိုးရရုပ်သံလိုင်း RenTv က ထုတ်လွှင့်ခဲ့သည်။

နောက်တစ်လအကြာတွင် ဂက်ဇ်ပရွန်၏ ထိပ်တန်း အခြားအမှုဆောင်တစ်ဦးသည်လည်း ယင်းကျေးရွာ တစ်ရွာတည်းမှာပင် သေဆုံးနေခဲ့ကြောင်း ထပ်မံတွေ့ရှိခဲ့ရသည်။

ဒုတိယမြောက် သေဆုံးသူမှာ အလက်ဇန္ဒားကျူလာကော့ဗ် (Alexander Tyulakov) ဟု သိရပြီး ဖေဖော်ဝါရီ ၂၅ ရက်က ၎င်း၏ ကားဂိုဒေါင်ထဲတွင် သေဆုံးလျက်သား တွေ့ရှိခဲ့ရကြောင်း လွတ်လပ်သော ရုရှားသတင်းစာ တစ်စောင်ဖြစ်သည့် နိုဗာယာဂေဇီတာ (Novaya Gazeta) က သတင်းရေးသားခဲ့သည်။ ၎င်းသည် ကိုယ့်ကိုယ်ကို သတ်သေ သွားခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာက ဆက်လက် ရေးသားဖော်ပြခဲ့သည်။

ကိုယ့်ကိုယ်ကို သတ်သေသွားသည်ဟု သတင်းထွက်နေသည့် ရုရှားသူဌေးကြီးများ

အဆိုပါ သေမှုသေခင်း နှစ်ခုအပေါ် သဘောထား မှတ်ချက်ပေးရန် ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီထံသို့ CNN က တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိပါ။

တတိယမြောက် သေဆုံးသူမှာ ယူကရိန်းနွယ်ဖွား ရုရှားလူမျိုး ဘီလီလျံနာသူဌေး မီခေးလ်ဝပ်ဖို့ဒ် (Mikhail Watford) ဖြစ်ပြီး ဗြိတိန်နိုင်ငံ၊ အင်္ဂလန်ရှိ ဆာရေး (Surrey) ဒေသအခြေစိုက် နေအိမ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က သေဆုံးလျက်သား တွေ့ရှိခဲ့ရသည်။ အဆိုပါလူသေမှုကို စစ်ဆေးနေကြောင်း ဆာရေးရဲတပ်ဖွဲ့က CNN သို့ ပြောကြားခဲ့ပြီး လာမည့် ဇူလိုင် ၂၉ ရက်တွင် အမှုအား ကြားနာစစ်ဆေးမည်ဟု သိရသည်။

နောက်ထပ် သေဆုံးသွားသည့် ရုရှားစီးပွားရေးသမားမှာ ဗာစီလီမယ်နီကော့ဗ် (Vasily Melnikov) ဖြစ်ပြီး မတ်လအကုန်ပိုင်း၌ ၎င်း၏ မိသားစုနှင့်အတူ ရုရှားနိုင်ငံ၊ ညီးရှနီးနော့ဗ်ဂေါရက်ဒ် (Nizhny Novgorod) မြို့၌ ရှိနေစဉ် သေဆုံးလျက်သား တွေ့ရှိခဲ့ရ ကြောင်း ရုရှား ကွမ်မာဆန့် (Kommersant) သတင်းစာက ရေးသားဖော်ပြခဲ့သည်။

၎င်းသည် မက်စတွန် (MedStom) အမည်ရှိ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ကုမ္ပဏီပိုင်ဆိုင်ပြီး အသက် ၄၃ အရွယ်ဖြစ် ကြောင်း၊ ၎င်း၏ဇနီးဖြစ်သူ အသက် ၄၁ နှစ်ရှိ အမျိုးသမီးနှင့် အသက် ၄ နှစ်မှ ၁၀ နှစ်ကြားရှိ ကလေးငယ် ၂ ဦးတို့ကို မတ်လ ၂၃ ရက်တွင် ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်ဟု ရုရှားစုံစမ်း စစ်ဆေး ရေးကော်မတီ၏အဆိုအရ သိရ သည်။

၎င်းသည် မည်သူမည်ဝါဖြစ်ကြောင်း ကော်မတီက အတိအကျ မဖော်ပြခဲ့သော်လည်း သေဆုံးသူများ၏ အသက်နှင့် အခင်း ဖြစ်ပွားရာ နေရပ်တို့ကို တိုက်ဆိုင်ကြည့်သည့်အခါ ကွမ်မာဆန့် သတင်းစာ၏ ရေးသားချက်နှင့် ကိုက်ညီနေသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဒေသဆိုင်ရာဌာနခွဲထံသို့ CNN က သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိပါ။
အခင်းဖြစ်ပွားခဲ့သည့် မတ်လအတွင်းက ၎င်း၏ နေအိမ်တိုက်ခန်းအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ လူဝင်လာသည့် အရိပ်အယောင် များ မရှိကြောင်းနှင့် သက်သေခံဓားများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊ အိမ်ထောင်ဦးစီးက သားသမီးနှင့်ဇနီးမယားတို့ကို သတ်ဖြတ်နိုင်ခြေ ရှိ/မရှိ၊ နောက်ပိုင်း ၎င်းကိုယ်ကို ညှင်းပန်း သတ်ဖြတ်နိုင်ခြေ ရှိ/မရှိ စသည့် အမှုအသွားအလာ အများအပြား ကို စဉ်းစားစိစစ်နေကြောင်း ကော်မတီက ပြောကြားခဲ့သည်။
ယခု ဧပြီလ အစောပိုင်းတွင် နောက်ထပ် ရုရှားစီးပွားရေးသမားနှစ်ဦးသည် လူသတ်မှုနှင့် အသေခံဗုံးခွဲမှု ဖြစ်စဉ်များတွင် သေဆုံးခဲ့ ကြပြန်သည်။

ဂက်ဇ်ပရွန်ဘဏ်၏ ဒုတိယဥက္ကဋ္ဌဟောင်း ဗလာဒီစလက်ဗ်အေဗာယက်ဗ် (Vladislav Avayev) ကို ၎င်းနေထိုင်ရာ မော်စကိုမြို့ ရှိ တိုက်ခန်းတွင် ဧပြီ ၁၈ ရက်တွင် ဇနီး၊ သမီးနှင့်အတူ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ရုရှားအစိုးရပိုင် တာ့စ်သတင်း ဌာနက ဖော်ပြခဲ့သည်။

ရုရှားပြည်တွင်း ဥပဒေစိုးမိုးရေး သတင်းရင်းမြစ်များကို ကိုးကားလျက် တာ့စ်သတင်းဌာနက “ယင်းအမှုကို လူသတ်မှု (သို့မဟုတ်) သတ်သေမှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း” ဆက်လက်ဖော်ပြခဲ့သည်။

အေဗယက်ဗ်သည် သူ့ကိုယ်သူ သတ်သေခဲ့သည်ဟု မယုံကြည်ကြောင်း ဂက်ဇ်ပရွန်ဘဏ်၏ ဒုတိယဥက္ကဋ္ဌ အီဂေါဗိုလိုဗက်က CNN သို့ သဘောထားမှတ်ချက်ပေးခဲ့သည်။ အီဂေါဗိုလိုဗက်သည် မကြားသေးမီကပင် ရုရှားမှ ယူကရိန်းသို့ ထွက်ခွာခဲ့သူ ဖြစ် သည်။

Source: CNN