CNI International News

ပဲရစ်၊ ဇွန်လ ၁၈

ပြင်သစ်နိုင်ငံတွင် ကျင်းပနေသည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G7) ထိပ်သီး အစည်းအဝေးကို တက်ရောက်လာသည့် ခေါင်းဆောင်များက ယူကရိန်း၏ နယ်မြေတည်တံ့ခိုင်မြဲရေး အပါအဝင် ယူကရိန်းကို တညီတညွတ်တည်း ထောက်ခံခဲ့ကြပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။

ပြင်သစ်နိုင်ငံ၏ အပန်းဖြေ စခန်းမြို့ဖြစ်သော Evian-les-Bains တွင် ဇွန်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ သည့် G7 ထိပ်သီး အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်၌ အဖွဲ့ဝင်နိုင်ငံများ၏ တူညီသည့် သဘောထားကို ဖော်ပြခဲ့ခြင်းသည် ထူးခြားနေသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ယူကရိန်းစစ်ပွဲကို မည်သို့ အဆုံးသတ် မည်နည်းဆိုသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့နှင့် G7 အဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီမှုရရန် ခက်ခဲခဲ့ခြင်းကြောင့် ဖြစ်သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

ထရမ့်သည် ဇွန်လ ၁၆ ရက် ယူကရိန်းသမ္မတ ဇယ်လန်းစကီး ( Volodymyr Zelenskiy) အပါအဝင် G7 ခေါင်းဆောင်များနှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် အလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းနှင့် ရုရှားကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်တော့မည်ဆိုသည့် မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။

G7 ခေါင်းဆောင်များသည် အမေရိကန်နှင့် အီရန်တို့ကြား ယာယီငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ခြင်းကို လည်း ကြိုဆိုခဲ့ကြသည်။

ထရမ့်သည် ထိုသဘောတူညီချက်ကို  G7 ထိပ်သီး အစည်းအဝေး မစတင်မီ တစ်ညအလိုတွင် လက်မှတ် ရေးထိုးခဲ့ ခြင်းဖြစ်ပြီး ထိုသဘောတူညီချက် အကောင်အထည် ပေါ်လာစေရေးအတွက် ပါဝင်ကူညီရန် အသင့်ရှိကြောင်း G7 ခေါင်းဆောင်များက ပြောကြားခဲ့သည်။

ထို့အပြင် ဟော်မုဇ်ရေလက်ကြားအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် စွမ်းအင်ထောက်ပံ့မှု လမ်းကြောင်းများ ကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေသွားမည်ဖြစ်ကြောင်းနှင့် စွမ်းအင် သိုလှောင်မှုများကို တိုးမြှင့်သွားရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း G7 ခေါင်းဆောင်များက ပြောကြားခဲ့သည်။

 G7 ခေါင်းဆောင်များကို တွေ့ရစဉ်

ပြင်သစ်နိုင်ငံ၏ (G7) အလှည့်ချဥက္ကဋ္ဌ သက်တမ်းအတွင်း အရေးကြီးသည့် တွင်းထွက်သတ္တု ပစ္စည်းများနှင့် ကမ္ဘာ့ စီးပွားရေး မမျှတမှုများအပေါ် အာရုံစိုက် ဆွေးနွေးမည်ဖြစ်သည်။

အနောက်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် စျေးကွက်အတွင်း ကုန်ပစ္စည်းများကို စျေးလျှော့ကာ အဆမတန် တင်သွင်းခြင်း အပါအဝင် တရုတ်၏ တန်ပြန် အစီအမံများ၏ အန္တရာယ်မှ ရင်းနှီးမြှုပ်နှံ သူများကို ကာကွယ်ပေးနိုင်မည့် အစီအစဉ်များ ပါဝင်သည့် သဘောတူညီချက် ရရှိရန် ကြိုးပမ်းနေသည်။

ပြီးခဲ့သည့်နှစ်က တရုတ်အစိုးရသည် မြေရှားသတ္တုများဖြင့် ပြုလုပ်ထားသည့် သံလိုက်များ တင်ပို့မှုအပေါ်  ကန့် သတ်ချက်များ ချမှတ်ခဲ့ပြီးနောက် အချို့သော လုပ်ငန်းကဏ္ဍများမှာ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ကာ တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

Source: ရိုက်တာ