CNI International News

ဒမတ်စကတ်၊ ဇန်နဝါရီ ၂၀

ဆီးရီးယားနိုင်ငံတွင် အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ပြီးနောက် ခေါင်းဆောင်အသစ်များ သည် ဆီးရီးယား လေကြောင်းခရီးစဉ်များ၌ အီရန်နှင့်အစ္စရေးနို င်ငံသားများကို လိုက်ပါစီးနင်းခွင့် တားမြစ်ပိတ်ပင် ခဲ့ကြောင်း အေအက်ဖ်ပီမှ ဖော်ပြခဲ့သည်။

ဆီးရီးယားတွင် အစ္စလာမ်မစ်သူပုန်များက အာဆတ်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် တစ်လနီးပါးအကြာဖြစ်သည့် ဇန်နဝါရီ ၇ ရက်၌ ဒမတ်စကတ်မြို့တော်ရှိ အဓိကလေဆိပ်တွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲခဲ့သည်။

သို့သော် ထိုလေဆိပ် ပြန်ဖွင့်ပြီးနောက် လေကြောင်းလိုင်း အနည်းငယ်သာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း လေဆိပ် သတင်းအရင်းအမြစ် တစ်ခုက ပြောကြားခဲ့သည်။

ထို့ပြင် ဆီးရီးယား လေကြောင်းလိုင်းများက ပြည်တွင်းသို့ ပျံသန်းပြေးဆွဲလာသော လေကြောင်းခရီးစဉ်များတွင် အစ္စရေးနှင့်အီရန် နိုင်ငံသားများကို လိုက်ပါခွင့် မပြုထားကြောင်း ဒမတ်စကတ်လေဆိပ် သတင်းအရင်းအမြစ်က ဆိုသည်။

ဆီးရီးယားနှင့်အစ္စရေးတို့သည် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေသည့် အနေအထားတွင် ရှိနေပြီး သံတမန် ဆက်ဆံရေး မရှိသဖြင့် အစ္စရေးနိုင်ငံသားများသည် ဆီးရီးယားနိုင်ငံအတွင်းသို့ ဝင်ခွင့်မရခဲ့ပေ။

အာဆတ်နဲ့ အီရန်ခေါင်းဆောင်ကို တွေ့ရစဉ်

ထို့ပြင် အီရန်သည် အာဆတ် အစိုးရ၏အဓိက ကျောထောက်နောက်ခံ ဖြစ်ခဲ့သဖြင့် အာဆတ်အစိုးရ ပြုတ်ကျ သွားချိန်တွင် ဆီးရီးယား ခေါင်းဆောင်သစ်များနှင့် အီရန် ဆက်ဆံရေးသည် ယခင်ကလောက် ကောင်းမွန်ခြင်း မရှိခဲ့ပေ။

အာဆတ်အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် ဒီဇင်ဘာလ အစောပိုင်းကတည်းက ဆီးရီးယားဒုက္ခသည် ၂၀၀,၀၀၀ နီးပါးသည် နေရပ်သို့ ပြန်လာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အကြီးအကဲ ဖိလစ်ပိုဂရန်ဒီ (Filippo Grandi) က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၆ ရက်အတွင်း ဆီးရီးယားနိုင်ငံသား ၁၉၅,၂၀၀ ခန့်  နေအိမ်များသို့ ပြန်လာခဲ့ ကြောင်း ၎င်းက  X လူမှုမီဒီယာတွင် ထုတ်ပြန်ထားသည်။

ဆီးရီးယားနယ်စပ်မှ မိုင်ပေါင်း ၅၆၀ ကွာဝေးသည့် တူရကီသည် ၂၀၁၁ ခုနှစ်ကတည်းက ဆီးရီးယားနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည် ၂ ဒသမ ၉ သန်းကို လက်ခံထားသည်။

Source: အေအက်ဖ်ပီ