CNI International News

ဒမတ်စကက်၊ ဩဂုတ် ၂၉

မကြာသေးမီက ဆီးရီးယားနိုင်ငံ၏ အနောက်ပိုင်းရှိ ဧရာမစစ်စခန်းတစ်ခုကို အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် ဂြိုဟ်တုသတင်းဓာတ်ပုံများ ပျံ့နှံ့သွားခဲ့သည်။

အဆိုပါစစ်စခန်းထဲတွင် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့က ရာနှင့်ချီသော တာလတ်ပစ် ဒုံးကျည်များ သိုလှောင်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခံရကြောင်း ဆီးရီးယားစစ်ရေး စောင့်ကြည့်အဖွဲ့မှ အကြီးအကဲက ဩဂုတ်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

တာတက်စ် (Tartus) နှင့် ဟာမာ (Hama) မြို့များအနီး ဩဂုတ် ၂၅ ရက်၊ ညပိုင်း တိုက်ခိုက်မှုများအပြီး လူ ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း၊ အနီးအနားရှိ သစ်တောများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင် မီဒီယာက သတင်းဖော်ပြခဲ့သည်။

အစ္စရေးဒုံးကျည် အများစုကို မြေထဲပင်လယ်ပြင်ပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဆီးရီးယား ပြည်တွင်းက စစ်ပွဲဒဏ် (Reuters)

ယင်းတိုက်ခိုက်မှု၌ ဆီးရီးယားအစိုးရ၏ အမာခံမြို့တစ်မြို့ဖြစ်သော မက်စယက် (Masyaf) မြို့လယ်ခေါင်ရှိ လက်နက် သိုလှောင်ရုံနှင့် သိပ္ပံသုတေသနဌာနတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယား အတိုက်အခံများဘက်မှ တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ကြသည်။

မက်စယက်မြို့သည် ကမ်းရိုးတန်းမြို့ဖြစ်သော တာတက်စ်နှင့် ဆီးရီးယား အလယ်ပိုင်းရှိ ဟာမာမြို့တို့အကြား လမ်းတဝက်နီးပါးခန့်တွင် တည်ရှိသည်။

The Times of Israel မီဒီယာတွင် ဩဂုတ် ၂၈ ရက်၌ ရိုက်ကူးထားသော ပုံများကို ထုတ်ပြန်ခဲ့ရာ အဆိုပါပုံများ သည် Planet Labs PBC နှင့် မိုးသောက်ပန်း ထောက်လှမ်းရေးဌာန (Aurora Intel) စသည်တို့မှ ရိုက်ကူးခဲ့သော ပွင့်လင်းရင်းမြစ် (open-source) ထောက်လှမ်းရေး သတင်းဓာတ်ပုံများ ဖြစ်သည်။

အချို့သော အဆောက်အဦများ၊ နေရာများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း မိုးသောက်ပန်းထောက်လှမ်းရေး၏ ကနဦး ခွဲခြမ်းစိတ်ဖြာထားသည့် ဂြိုဟ်တု သတင်းဓာတ်ပုံများကို တွစ်တာ လူမှုကွန်ရက်ပေါ်တွင် တွေ့ရသည်။

အစ္စရေး တိုက်ခိုက်မှုကို ခံရတဲ့ အဆောက်အဦးကို တွေ့ရစဉ် (GETTY IMAGES)

 

 သိပ္ပံသုတေသနဌာန အနီးတဝိုက်ရှိ နယ်မြေများတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ကြောင်း ၎င်းထောက်လှမ်းရေးက ထပ်လောင်း ပြောကြားခဲ့သည်။

ဂြိုဟ်တု သတင်းဓာတ်ပုံများတွင် သိပ္ပံသုတေသနဌာန အနီးရှိ စိမ်းလန်းသော ဧရိယာများ မီးလောင်ကျွမ်းခဲ့ပုံကို မြင်တွေ့ရသည်။

အစ္စရေးတို့သည် နေရာများစွာကို လုပ်ကြံပစ်ခတ်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အကြီး အကဲ ရာမီအဗ္ဗဒူရာမန် (Rami Abdurrahman) က ပြောကြားခဲ့သည်။

သို့သော် အစ္စရေး၏ အဓိကပစ်မှတ်မှာ ပဲ့ထိန်း တာလတ်ပစ်ဒုံးကျည် အစင်းရေ ၁ ထောင်ခန့်ရှိသည့် ဧရာမ လက်နက် သိုလှောင်ရုံကို ထိမှန်ရေးဖြစ်သည်။ အဆိုပါ သိုလှောင်ရုံအနီး တိုက်ခိုက်ခံရပြီးနောက် ၅ နာရီ ကြာ မြင့်အောင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: AP