CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉
အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ဦးဆောင်နာယက တာဝန် ယူပေးရန် ကမ်းလှမ်းမှုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ငြင်းပယ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း PPST ၏ အစည်းအဝေးများတွင် အခြေအနေပေးပါက ဝိုင်းဝန်းကူညီ ဆောင်ရွက်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သို့ ပြောသည်။
၎င်းက “ကျနော်တို့ ကမ်းလှမ်းတာကတော့ အဲ့ဒီခေါင်းဆောင် နှစ်ယောက်စလုံးကို ကမ်းလှမ်းတာပါဘဲ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီခေါင်းဆောင် နှစ်ယောက်လုံးကို ပြီးခဲ့တဲ့ PPST အခင်းအကျင်း တောက်လျှောက်မှာ အဖွဲ့ ခေါင်း ဆောင် အနေနဲ့ ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်တယ်။ ကျနော်တို့ ကမ်းလှမ်းမှုက နှစ်ယောက် စလုံး ကမ်းလှမ်းတယ် ဆိုပေမယ့် လောလောဆယ်ကတော့ အဖိုး စောမူတူးစေးဖိုးကပဲ ဒါက အဖွဲ့အစည်းကိုယ်စား ပြုတာ မဟုတ်ဘဲနဲ့ မိမိရဲ့ တစ်သီးပုဂ္ဂလိပေါ့လေ ပုဂ္ဂိုလ်ရေး လိုလိုလားလား ဆုံးဖြတ်ပိုင်ခွင့်နဲ့ PPST ရဲ့ ဦးဆောင် နာယကကို ဆောင်ရွက်ပေးဖို့ သဘောတူညီချက်ရရှိတယ်။ ဗိုလ်ချုပ်ကြီးယွက်စစ် အနေနဲ့ကလည်းဘဲ အဖွဲ့ အစည်း ဆိုတာတော့ သူ့ရဲ့ အဖွဲ့အစည်းအလိုက် သူ့ဟာနဲ့ သူပေါ့လေ၊ သူ့ရဲ့ သမိုင်းနောက်ခံ နောက်ပြီးတော့ ပထဝီ အနေအထား အခြေအနေနဲ့ ရပ်တည်နေရတဲ့ အပေါ်မှာ ဗိုလ်ချုပ်ကြီး ယွက်စစ် အနေနဲ့တော့ လောလော ဆယ် ကတော့ အဲဒီလိုမျိုး ဦးဆောင်နာယကအတွက် လုပ်ဖို့ကတော့ အခြေအနေ မပေးသေးဘူး၊ သို့သော်လည်းပဲ အဲဒီလိုမျိုး PPST အစည်းအဝေးတွေမှာ အခြေအနေ ပေးလို့ရှိရင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ဆိုတာကိုတော့ အဲဒီလိုမျိုး ပြောကြားလာတာ ရှိပါတယ်ခင်ဗျ” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုတွေ့ရစဉ်
PPST သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား PPST အား နိုင်ငံရေး အရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများ ပေးနိုင်ရန် ဦးဆောင် နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးပါရန် မေတ္တာ ရပ်ခံကြောင်း စာတစ်စောင် ပေးပို့ ခဲ့သည်။
အဆိုပါ စာကို ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်ခံရရှိကြောင်းနှင့် ဦးဆောင်နာယကအဖြစ် တာဝန်ယူ ဆောင် ရွက်မည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်နေ့စွဲဖြင့် အကြောင်းပြန်ကြားခဲ့သည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “PPST ရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို လိုအပ်သလို လမ်းညွှန် ပဲ့ကိုင် ထိန်း ကျောင်းပေး နိုင်ဖို့အတွက် ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုးလို အစဉ်အလာလည်း ကြီးတယ်၊ အတွေ့အကြုံလည်း ရှိတယ်။ ပြီးတော့ အစဉ်အလာကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တဲ့အပေါ်မှာ ကျနော်တို့ PPST အနေနဲ့ အဲဒီလိုမျိုး ဦးဆောင် နာယက အနေနဲ့ လမ်းညွှန်ဦးဆောင်မှုတွေ ဆက်လက် လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဒီ PPST အတွက် ဆက်သွားမယ့် ခရီးအတွက် အများကြီး ပံ့ပိုးရာ ကျမယ်ဆိုတဲ့ အမြင်အာရုံရှိ တဲ့ အပေါ်မှာ ကျနော်တို့ အနေနဲ့ ပြီးခဲ့တဲ့ Summit အပြီးကနေ လူချင်းသော်လည်းကောင်း၊ စာအားဖြင့် သော် လည်း ကောင်း ထိတွေ့ ညှိနှိုင်း ဆက်ဆံပြီးတော့ လက်ရှိ နောက်ဆုံး အခြေအနေအရကတော့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကိုယ်တိုင်ကလည်းပဲ ကျနော်တို့ရဲ့ ကမ်းလှမ်းမှုအပေါ်ကို လက်ခံပြီးတော့ PPST ရဲ့ ဦးဆောင်မှု နာယကအနေနဲ့ တာဝန်ယူ ဆောင်ရွက် ပေးဖို့ သဘောတူညီချက်ကို စာထဲမှာ တွေ့ရတဲ့ အတိုင်းပဲ ဒါ confirm ဖြစ်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉ ရက်တွင် တွေ့ကြ
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူခဲ့ပြီးနောက် နုတ်ထွက်သွားခဲ့ သည်။ ထို့နောက် ၂၀၁၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ နုတ်ထွက် ခဲ့သည်။
လက်ရှိတွင် PPST ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ဖြင့် ဖွဲ့စည်း ထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF) တို့က PPST အဖွဲ့အဝင်များအဖြစ် ပါဝင်မှုကနေ ရပ်နားထားကြောင်း သိရသည်။