CNI News

၂၀၂၃ ခုနှစ်၊ မေ ၁၀

အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ မွန်ပြည်သစ်ပါတီ (NMSP) နုတ်ထွက်စာ တင်ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးသံတမန်များကြား PPST ကနေ NMSP တကယ်နုတ်ထွက်လာနိုင်လား သုံးသပ်လျက်ရှိနေကြသည်။

လက်ရှိ PPST ကို ဦးဆောင်နေသည့် မွန်ပြည်သစ်ပါတီ အနေဖြင့် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချလို၍ နုတ်ထွက်စာ တင်ခြင်း ဖြစ်နိုင်ကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခု မွန်ပြည်သစ်ပါတီလည်းပဲ သူတို့ အဖွဲ့ခေါင်းဆောင် တာဝန်ယူပြီး ဦးဆောင်နေတာ ၂ နှစ်ရှိသွားပြီ၊ အဲဒီမှာ PPST အတွင်း ဝန်ထုပ်ဝန်ပိုးတွေပေါ့ဗျာ၊ တစ်ဖွဲ့တစ်ဖွဲ့ထဲမှာတင် ၃၊ ၄ ခု ကွဲတာတို့ ပြဿနာပေါ်တာတို့ နောက်ပိုင်းမှာ ကြေညာချက်တွေ ထုတ်လို့ရှိရင် တစ်ဖက်က ဆွေးနွေးဖက်ပေါ့ နေပြည်တော် အဖွဲ့တွေကို သွားပြီးတော့ ထိပါးတာတွေ ဖြစ်တော့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူ တာဝန်ခံရတာ နည်း နည်း ခက်လာတဲ့ သဘောလို့ ယူဆပါတယ်၊ ဒါကြောင့် သူတို့အနေနဲ့လည်း တတ်နိုင်သလောက် ပူးပေါင်းပါဝင်မှာ သို့သော် အပေါင်းလက္ခဏာ အဖွဲ့ထဲမှာဆိုရင် သူသက်သာမလားပေါ့ဗျာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုပြီးတော့ ပေါ့မ လားလို့ တွက်တာနဲ့ တူပါတယ်ဗျ၊ အလုပ်ကတော့ တွဲလုပ်မှာပါ၊ ကြည့်ရတာ ဒါပေမဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရာခိုင်နှုန်းပြည့် ယူတဲ့ အဆင့်ကို လျှော့ချမယ့် သဘောမျိုးလို့ မြင်ရပါတယ်” ဟု ပြောသည်။

PPST အစည်းအဝေး တစ်ရပ်ကိုတွေ့ရစဉ်

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး PPST အဖွဲ့အတွင်း ဆွေးနွေးမှု မပြုလုပ်ရသေးကြောင်း၊ နုတ်ထွက်စာ တင်ထား သော်လည်း PPST နှင့် ပူးပေါင်းဆောင်ရွက်မှု အချို့ ရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)သည် PPST ၏ ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ထားသူ ဖြစ်၍ တာဝန်ယူမှု တာဝန်ခံမှု ပိုမိုယူရသည်။

နုတ်ထွက်စာ တင်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရေး မွန်ပြည်သစ်ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များထံ ဖုန်း ဆက်သွယ်ခဲ့‌သော်လည်း ဆက်သွယ်၍ မရသေးပေ။

NMSP သည် PPST ကနေ နုတ်ထွက်ကြောင်း စာတင်ထား သည်ကိုတော့ မကြားရသေးကြောင်း၊ သို့သော် ဆွေးနွေးဘက် အဖွဲ့ဝင်အသစ်များ ထပ်တိုးမလာပါက ဆွေးနွေး ညှိနှိုင်းမှုများကို ယာယီရပ်ဆိုင်းထားမည်ဟု အသိပေးမှု ရှိထားကြောင်း မွန်ပြည်သစ်ပါတီ(NMSP)နှင့် နီးစပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

PPST အဖွဲ့ဝင်များ နုတ်ထွက်မှုသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးဖက်များနဲ့ PPST အဖွဲ့၀င်များ  တွေ့ဆုံစဉ်

၎င်းက “ဟုတ်ပါတယ်၊ အဲဒါလည်း ကြားပါတယ်၊ ဒါကြောင့် အဖွဲ့ဝင်အသစ်တွေ ပါဖို့အတွက် ပူးပေါင်းဆောင်ရွက် မယ့် နေရာမှာ နည်းနည်းလေး နိုင်ငံရေးအရပေါ့ဗျာ ဖိအားပေးတဲ့ သဘောမျိုးလားတော့ မသိဘူးဗျ၊ ကျနော်တို့ PPST ကတော့ အပေါင်းလက္ခဏာနဲ့ပဲ နေတော့မယ်ဆိုပြီး ဒါပေမဲ့ ပြန်စဉ်းစားခိုင်းမှာပေါ့ဗျာ၊ ဒီလိုတော့ အဖွဲ့ အစည်းတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ သက်သာသလို နေမယ်ဆိုရင်တော့ ကျနော်တို့ NCA တန်ဖိုးနဲ့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ အများကြီး ထိခိုက်နိုင်ပါတယ်” ဟု ပြောသည်။

PPST ကို NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းကြောင်း KNU၊ RCSS၊ CNF၊ တို့မှာ PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားကြသလို ABSDF ကလည်း ပူးပေါင်းဆောင်ရွက်မှု လျှော့ချထားသည်။